စစ်မှုထမ်းဂယက်ကြောင့် တိမ်းရှောင်လာသူတွေ ခိုလှုံနိုင်ရေး ဆောင်ရွက်ပေးဖို့ NUCC နဲ့ NUG ကို ကျောင်းသားအဖွဲ့တွေတိုက်တွန်း

မတ် ၊ ၂၃ 

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့အနေနဲ့ စစ်မှု ထမ်းဥပဒေကြောင့် တိမ်းရှောင်ကြမယ့် ပြည်သူတွေကို လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ အခြေစိုက်ရာ ဒေသတွေနဲ့ လွတ်မြောက်နယ်မြေတွေမှာ ခိုလှုံလို့ရအောင် ညှိနှိုင်းဆောင်ရွက်ပေးကြဖို့ ကျောင်းသားတော်လှန် ရေးအင်အားစုနှစ်ခုက တိုက်တွန်းလိုက်ပါတယ်။ 

ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ-ရန်ကုန်)နဲ့ ကျောင်းသားလက်ရုံးတ ပ်တော် (SAF) တို့က NUCC နဲ့ NUG အစိုးရတို့ဆီ မတ်လ ၂၂ ရက်၊ မနေ့က ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ အခုလို အကြံ ပြုတိုက်တွန်းခဲ့ကြတာပါ။ 

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် အခုရက်ပိုင်းအတွင်း ဖိနှိပ်မှုတွေ ပိုလုပ်လာ နေပေမယ့် လူငယ်တွေအတွက် ကာကွယ်ပေးမှုတွေ၊ ထွက်ပေါက်ဖန်တီးပေးမှုတွေ မရှိဘဲဖြစ်နေတယ်လို့ အဲဒီ အိတ်ဖွင့်ပေးစာမှာပြောထားပါတယ်။ 

အဲဒါကြောင့် နိုင်ငံရဲ့ အစိုးရလို့ သတ်မှတ်ထားတဲ့ NUG အစိုးရအနေနဲ့ ပြည်သူလုထုရဲ့ အသက်အိုးအိမ် စည်းစိမ် ကို တာဝန်ယူ ကာကွယ်ရမှာဖြစ်လို့ တိမ်းရှောင်လာကြမယ့်သူတွေအတွက် ထိရောက်တဲ့ ကာကွယ် ရေးလုပ်ငန်း စဥ်တွေ ဆောက်ရွက်ပေးဖို့ တိုက်တွန်းထားတာပါ။

အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် အကူအညီလိုအပ်နေတဲ့ပြည်သူတွေကိုလိုအပ်တဲ့သတင်းအချက်အလက်တွေပေးနိုင်ဖို့နဲ့ ကူညီချိတ်ဆက်မှုတွေပေးနိုင်ဖို့ Hot line ချန်နယ်တခုကိုတပတ်အတွင်း ဖွင့်လှစ်နိုင်ဖို့စီစဉ်နေတယ်လို့ မတ်လ ၁၉ရက်က NUG အစည်းအဝေးမှာပြောထားပါတယ်။

လက်ရှိမှာ  အဲ့ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ဆွေးနွေးမှုတွေလုပ်နေသလို စီမံချက်တရပ်ရလည်းရေး ဆွဲထားပြီး ပြီလို့ NUG အစိုးရ၊ ဝန်ကြီးချုပ်ရုံး၊ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က DNA ကိုရှင်းပြပါတယ်။

“သက်ဆိုင်ရာတိုင်းရင်းသားအင်အားစုတွေနဲ့လည်း ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးတာတွေ၊ လိုအပ်တဲ့ဆွေးနွေးမှု တွေပြုလုပ်တာကိုတော့ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်” လို့ သူကပြောပါတယ်။ 

တကသများ-ရန်ကုန်နဲ့ ကျောင်းသားလက်ရုံးတပ်တော်တို့ကတော့ NUCC၊ NUG တို့အနေနဲ့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူလူထုထံ တိကျရှင်းလင်းတဲ့ ထုတ်ပြန်ချက်တွေ၊ အသိပေးချက်တွေ ထုတ်ပြန်နိုင်ဖို့နဲ့ စစ်မှု ထမ်းဥပဒေကို ဆန့်ကျင်ဖို့နည်းလမ်းတွေအတွက် လုပ်ငန်းစဥ်တွေ လမ်းညွှန်ချပြပေးဖို့လည်း အိတ်ဖွင့်ပေးစာမှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။ 

“ပြည်သူလူထုအနေနဲ့ အကြံအဉာဏ်တွေတောင်းခံနိုင်ဖို့၊ နောက်ပြီးတော့ ပြည်သူလူထုလိုအပ်တဲ့ သတင်းအချက် အလက်တွေ ပေးဖို့ပေါ့နော်၊ အဲဒီ Hotline ကနေ ဆက်သွယ်ပြီးတော့ အကြံအဉာဏ်တောင်းခံတာတွေ အချက် အလက်တောင်းခံတာတွေ မေးမြန်းဆောင်ရွက်လို့ရပါတယ်” လို့ ဦးနေဘုန်းလတ်ကပြောပါတယ်။

လက်ရှိမှာတော့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တချို့ ပြည်ပကို ထွက်ခွာတိမ်းရှောင်တာတွေ ပိုများလာနေသလို NUG လက်အောက်ခံအဖွဲ့တွေအပါအဝင် တော်လှန်ရေးတပ်တွေဆီမှာ ခိုလှုံဖို့ကြိုးပမ်းတာ၊ တာဝန်ထမ်း ဆောင် ဖို့ ဆက်သွယ်လာတွေလည်း ပိုများလာတယ်လို့တော်လှန်ရေးအင်အားစုတွေကပြောထားပါတယ်။

ပုံစာ- စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့မှာဆန္ဒပြနေတဲ့လူငယ်တချို့