စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် နယ်စပ်ကနေ ထိုင်းနိုင်ငံထဲ ဖြတ်သန်းမှုတွေကို နှစ်နိုင်ငံလုံးက တင်းကျပ်

ဖေဖော်ဝါရီ၊ ၂၈
 
ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကနေ ဖြတ်သန်းသွားလာတဲ့ လူသစ်တွေကို နှစ်နိုင်ငံအာဏာပိုင်တွေက သွားလာခွင့် တင်းကျပ်ထားတယ်လို့ တံတားအနီး နေထိုင်သူတွေဆီက သိရပါတယ်။
 
“မဲဆောက်ထဲ ဝင်တဲ့လူတွေ တအားများလာတယ်၊ ခုက လူသစ်တွေကို အရမ်းစစ်တာ၊ မြန်မာဘက်ရော ထိုင်းဘက်ရော၊ ပိုဆိုးတာက မြန်မာဘက်ပေါ့” လို့ မြဝတီ-မဲဆောက် အမှတ်(၁)တံတားအနီး နေထိုင်သူတဦးက DNA ကို ပြောပါတယ်။
 
မြန်မာနိုင်ငံသားတွေဟာ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီဘက်ခြမ်းကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို ကုန်ပစ္စည်းတွေဝယ်ယူတာ၊ ဆေးခန်းပြတာ၊ အလည်အပတ်သွားတာနဲ့ အလုပ်အကိုင်အတွက် သွားလာဖြတ်သန်းမှုတွေ လုပ်နေတာပါ။
 
ဒါပေမယ့် အာဏာသိမ်းစစ်တပ်က အခုလ ဖေဖော်ဝါရီလ ၁၀ ရက်မှာ ၁၈ နှစ်ပြည့်ပြီးတဲ့ အမျိုးသားအမျိုးသမီးတိုင်း စစ်မှုထမ်းရမယ့် ဥပဒေအသက်သွင်းပြီးနောက် သွားလာရလွယ်ကူတဲ့ အနီးစပ်ဆုံး အိမ်နီးချင်းထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို မြဝတီ-မဲဆောက်အမှတ်(၁)တံတားကနေတဆင့် ဝင်ရောက်ဖို့ ကြိုးစားလာကြတာ ဖြစ်ပါတယ်။
 
အရင်က မဲဆောက်မြို့ကို ဖြတ်သန်းသွားလာရာမှာ ထိုင်းနိုင်ငံဘက်က စစ်ဆေးမှု မတင်းကျပ်ထားသလို မြန်မာဘက်ခြမ်းက စစ်ဆေးမှု အနည်းငယ်သာ ရှိခဲ့ပေမယ့် အခုရက်ပိုင်းထဲ ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်ဖို့ကြိုးစားတဲ့လူဦးရေ များပြားလာတာကြောင့် အခုလို စစ်ဆေးမှုတွေ တင်းကျပ်လာတာလို့ ဆိုပါတယ်။
 
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို သွားလာရာမှာ ၁၄ ရက်သက်တမ်းရှိ ပတ်စ်စပို့၊ တနှစ်သက်တမ်းရှိပတ်စပို့၊ တပတ်သွားလာခွင့် ယာယီနယ်စပ်ဖြတ်သန်း ခွင့်လက်မှတ် Temporary Borderpass တွေနဲ့ ဖြတ်သန်းသွားလာနေကြတာ ဖြစ်ပါတယ်။
 
လက်ရှိ မြန်မာနိုင်ငံကနေ ထွက်လာတဲ့သူအများစုဟာ တပတ်ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ကို အဓိကအသုံးပြု ဖြတ်သန်းသွားလာနေကြတယ်လို့ ဆိုပါတယ်။
 
နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ပြုလုပ်ရာမှာ မြန်မာနိုင်ငံဘက်က မှတ်ပုံတင်ကို ပြသရမှာဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဌာနဆီက ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ရဖို့အတွက်ငွေကျပ်နှစ်ထောင် ပေးဆောင်ရပါတယ်။
 
အဲဒီကနေတဆင့် ထိုင်းနိုင်ငံဘက်က နယ်ခြားဖြတ်ကျော်ခွင့်လက်မှတ် ထပ်ရဖို့အတွက် ထိုင်းဘတ်ငွေ ၆၀ (မြန်မာငွေကျပ် ခြောက်ထောင်)ပေးရပါတယ်။
 
စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးတဲ့နောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို သွားဖို့ တပတ်ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် Temporary Border pass ပြုလုပ်သူ တနေ့ကို လူပေါင်းရာချီရှိတယ်လို့ ဆိုပါတယ်။
 
အဲဒီလိုမျိုး ပြုလုပ်တဲ့အခါမှာ မြန်မာဘက်ခြမ်းက လက်ကိုင်ဖုန်း၊ ကွန်ပျူတာတွေမှာ နိုင်ငံရေးနဲ့ပတ်သက်မှု ရှိ၊ မရှိ စစ်ဆေး တာနဲ့ အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးတောင်းခံတာတွေ ရှိနေသလို တချို့ကို ဖြတ်သန်းခွင့်မပေးတာတွေ ရှိနေတယ်လို့ အဲဒီတံတားကနေ ဖြတ်လာတဲ့ သထုံမြို့ခံတဦးက ပြောပါတယ်။
 
“မှတ်ပုံတင်ကရုပ်နဲ့ အပြင်က ရုပ်မတူလို့ဆိုပြီးတော့ မပေးသွားဘူး၊ ကတ်မထုတ်ပေးဘူး၊ အဲဒါကို ရဖို့ ပိုက်ဆံ ငါးသောင်းပေးလိုက်ရတယ်၊ သုံးရက်ကြာမှ ဖြတ်ခွင့်ရတာ၊ အခုမှ အသစ်လာတဲ့တွေ ပိုစစ်နေတာ” လို့ သူက ပြောပါတယ်။
 
ဒါ့အပြင် မြဝတီ-ထိုင်း မဲဆောက် အမှတ် (၁) တံတားကနေ တခါမှ နယ်စပ်ဖြတ်သန်းသွာလာမှု မရှိဖူးသေးသူတွေကို မြန်မာဘက်က မှတ်ပုံတင်သိမ်းဆည်းပြီးမှ ဖြတ်သန်းသွားလာခွင့်ပေးတာ၊ စီးလာတဲ့ ကားသမားတွေကို ထောက်ခံခိုင်းတာမျိုးတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
 
“ခုက လာပြီး မပြန်ကြဘူးလေ၊ သူတို့ရဲ့ မှတ်ပုံတင်ကို မြန်မာဘက်က သိမ်းထားတယ်၊ ကားသမားတွေကို ထောက်ခံခိုင်းတယ်၊ တကယ်လို့ တပတ်အတွင်း မပြန်လာရင် အဲဒီကားသမားတွေကို ကားဆွဲခွင့် မပေးတာမျိုးတွေ” လို့ မြဝတီ-မဲဆောက် ကားပြေးဆွဲနေသူတဦးက ပြောပါတယ်။
 
တဖက်မှာလည်း မြန်မာနိုင်ငံကနေ ထွက်လာတဲ့သူတွေထဲက နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်မှုရှိသူတွေ၊ မှတ်ပုံတင်မရှိသူတွေ၊ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတဲ့သူတွေက အောက်လမ်း (ခိုးလမ်း) ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေ ရှိနေပါတယ်။
 
ဒီလိုမျိုး တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူတွေဟာ တရက်ကို လူဦးရေ၂၀ ဝန်းကျင်လောက်ရှိနေတာကြောင့် ထိုင်းစစ်တပ်ဘက်ကလည်း နယ်စပ်တလျှောက်မှာ လုံခြုံရေးအထူးတင်းကျပ်ထားတယ်လို့ တရားမဝင်နယ်စပ်ဖြတ် ကျော်သူတွေကို တဖက်နိုင်ငံထဲ ပို့ပေးနေသူတဦးက ပြောပါတယ်။
 
“တော်တော်လေးကို ကြည့်နေတာ၊ နေရာတိုင်းတလျှောက်လုံးကို ထိုင်းစစ်သားတွေ ကြည့်နေတာ၊ တရားမဝင်လမ်းကနေ ကူးဖို့က ခက်ခဲလာတယ်၊ ဖမ်းခံထိတာ ရှိတာပေါ့၊ တချို့ကျ သူတို့ဥပဒေအရ အရေးယူခံရတာပေါ့၊ တချို့ကျတော့ ပိုက်ဆံနဲ့ ညှိလိုက်တာပေါ့” လို့ သူက ပြောပါတယ်။
 
တဖက်မှာလည်း ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ထိုင်းနိုင်ငံထဲကို တရားဝင်ဝင်လာတဲ့သူတွေကို ကြိုဆိုမှာ ဖြစ်ပေမဲ့ တရားမဝင်ဝင်လာတဲ့သူတွေကို ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ အခုလ ၂၀ ရက်က ပြောဆိုထားပါတယ်။
 
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက် ထိုင်းနိုင်ငံဘက်ကို နည်းလမ်းပေါင်းစုံနဲ့ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား သုံးရာကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ အလုပ်သမားအကူအညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။
 
ထိုင်းအတိုက်အခံ Fair ပါတီအမတ် ကန်နဗီး ဆူယက်ဘ်ဆန်ကလည်း စစ်မှုမထမ်းချင်လို့ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံ သားတွေကို အရေးမယူဘဲ လက်ခံပေးဖို့ လူသားချင်းစာနာမှု အစီအမံတရပ်အနေနဲ့ ယာယီအလုပ်လုပ်ကိုင်ခွင့်ပေးဖို့ ထိုင်းအစိုးရ တိုက်တွန်းတောင်းဆိုထားပါတယ်။
 
ဓာတ်ပုံ – DNA
ပုံစာ – နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲသွားဖို့ စောင့်ဆိုင်းနေကြသူများ