TBPကတ်နဲ့ လာမယ့်သူတွေကို တရုတ်က စစ်ဆေးရေးတင်းကျပ်လို့ မြန်မာအလုပ်သမားတွေ အခက်တွေ့

မတ်၊ ၂၆
 
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှတဆင့် တရုတ်နိုင်ငံဘက်ကို အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ခုနစ်ရက် သက်တမ်းရှိတဲ့ (TBP ) ကတ်နဲ့ ၀င်လာမယ့်သူတွေကို တရုတ်နိုင်ငံက စစ်ဆေးမှုတွေ တင်းကျပ်လိုက်တာကြောင့် မြန်မာလုပ်သား အများအပြား မူဆယ်မြို့မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
 
မြန်မာအလုပ်သမားတွေဟာ TBP ကတ်ရဖို့အတွက် မူဆယ်မြို့ရှိ စစ်ကောင်စီရဲ့ လူ၀င်မှုကြီးကြပ်ရေးရုံးမှာ တပတ်ကနေ ဆယ်ရက်အထိကြာအောင် စောင့်ဆိုင်းကြရပေမယ့် ကတ်ရပြီးနောက် တရုတ်ပြည်ကို ၀င်မရတဲ့ ပြဿနာနဲ့ လတ်တလောကြုံတွေ့နေရတယ်လို့ မူဆယ်မြို့ကို ရောက်နေသူတဦးက ပြောပါတယ်။
 
မူဆယ်မြို့နယ်က နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်တွေဖြစ်တဲ့ နန်းတော်နဲ့ ဆင်ဖြူဂိတ်ပေါက်တို့ကနေ တရက်ကို မြန်မာပြည်ဘက်ကနေ လူဦးရေ လေးရာနီးပါးလောက် ၀င်ခွင့်ပြုထားပေမယ့် အဝင်အထွက်တွေမှာ စစ်ဆေးချိန်ကြာတာကြောင့် လက်ရှိမှာ သတ်မှတ်လူဦးရေရဲ့ ထက်ဝက်လောက်ပဲ ဝင်ခွင့်ရနေတယ်လို့ ဆိုပါတယ်။
 
“ကျွန်တော်တို့က ကတ်တွေလုပ်ပြီး တန်းစီစောင့်တယ်၊ ညနေ ခြောက်နာရီလောက်ဆိုရင် ဂိတ်တွေက ပိတ်ပြီးတော့ ၀င်ခွင့်မပြုတော့ဘူး၊ ငါးနာရီလောက်ကနေ လူဦးရေ တရာလောက်ကို ချိန်ဆထားခဲ့ပြီး ကျန်တဲ့သူတွေကို ပြန်ခိုင်းတာပေါ့၊ နောက်ရက်တွေ ၀င်ချင်တယ်ဆိုရင် ဒီကတ်ကို ပြန်လုပ်ခိုင်းတာပေါ့၊ အခုက အဲဒီလိုတွေဖြစ်နေတော့ တရုတ်၀င်မယ့်သူတွေ အကုန် ဒုက္ခတွေရောက်နေကြတယ်” လို့ မူဆယ်မြို့မှာ စောင့်ဆိုင်းနေရသူက ပြောပါတယ်။
 
တရုတ်ပြည်၀င်ခွင့်အတွက် တိုကင်ရထားသူတွေထဲက အချိန်မမီလို့ မ၀င်ရသူတွေကို တုံကင်ပြန်ယူခိုင်းတာမျိုး မဟုတ်ဘဲ နောက်တရက်ကို ပြောင်းရွှေ့ပေးစေလိုတယ်လို့ အလုပ်သမားတွေက ဆိုကြပါတယ်။
 
“တိုကင်မယူဘဲနဲ့ နောက်ထပ် ကတ်တခုထုတ်ပေးဖို့ ကျွန်တော်တို့က လိုလားတာပေါ့နော်၊ ကတ်မှာ ရက်စွဲပါတယ်၊ အဲနေ့မှာပဲ အသုံးပြုလို့ရတယ်၊ ရက်ကျော်ရင်မရဘူး၊ ရက်ကျော်ရင်သူတို့က ကတ်ကိုသိမ်းတယ်၊ ကတ်သိမ်းတာမျိုးထက် သူတို့ကို ရက်ချိန်းပြန်ပေးတာမျိုးက သင့်တော်တာပေါ့” လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
 
တရုတ်ပြည်ထဲ အလုပ်ရဖို့အတွက် မူဆယ်မြို့ကိုအရင် လာရောက်ရပြီး ယာယီ၀င်ခွင့်ကတ်ရဖို့အတွက် အခန်းငှားပြီး စောင့်ဆိုင်းကြရတယ်လို့ အလားတူ မူဆယ်မှာ စောင့်ဆိုင်းနေရတဲ့ ရမည်းသင်းဒေသခံ လူငယ်တဦးကလည်း ပြောပါတယ်။
 
“ကျွန်တော်ဆို မူဆယ်ကိုလာဖို့ ကားခက သုံးသိန်းကျော်လောက်ကုန်တယ်၊ ဒီမှာ ကတ်ရဖို့ အခန်းငှားစောင့်ရတယ်၊ အခန်းငှားခက တလကို ခြောက်သောင်းပေးရတယ်၊ နေ့စဉ်စားစရိတ်ကလည်း ရှိသေးတယ်၊ တရုတ်က ၀င်ရမရ မသေချာသေးဘူး၊ ပိုက်ဆံတွေက ကုန်နေပြီ၊ ကတ်ရပြီးမှတော့ ၀င်ခွင့်မရဘူးဆိုရင် စရိတ်တွေ အကုန်ရှုံးပြီပေါ့” လို့ သူကပြောပါတယ်။
 
မူဆယ်မြို့ ဒေသခံ တဦးကတော့ မနေ့က မတ်လ ၂၅ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ နန်းတော်ပေါက်ကတဆင့် တရုတ်ပြည်ကို TBP ကတ်နဲ့ ၀င်ရောက်မယ့်သူတွေကို ယာယီရပ်နားခဲ့ပြီး နေ့ခင်း ၁ နာရီကျော်လောက်မှာ ပြန်လည်ခွင့်ပြုပေးတဲ့အတွက် သတ်မှတ်လူဦးရေထက် လျော့နည်းပြီးသာ တရုတ်ပြည်ကို ၀င်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
“တရုတ်ပြည်ဘက်က အ၀င်အထွက် နည်းနည်းလေး ကန့်သတ်ချင်တဲ့ပုံစံ နေမှာပေါ့၊ မနေ့ကလည်း အ၀င်အထွက်တွေ ခဏပိတ်သေးတယ် ပြီးမှပြန်ဖွင့်ပေးတာ ဘာလို့လည်းဆိုတော့ တရုတ်ဘက်ကနေ လူတဦးကို သုံးမိနစ်အတွင်း ၀င်ခွင့်ပြုနိုင်တာကို ဆယ်ငါးမိနစ် နာရီ၀က်လောက် အချိန်ဆွဲစစ်တာပေါ့။ အဲတော့ အချိန်တွေကြာပြီးတော့ တချို့လူတွေ ၀င်ခွင့်မရတာ တွေဖြစ်ကုန်တာပါ” လို့ သူကဆိုပါတယ်။
 
မနေ့က ဆင်ဖြူဂိတ်နဲ့ နန်းတော်ဂိတ်ပေါက်ကတဆင့် တရုတ်ပြည်ထဲကို လူဦးရေ ၄၀၀ ကျော် ၀င်ရောက်ဖို့ ရှိပေမယ့် စစ်ဆေးမှု အချိန်ကြာတာကြောင့် လူဦးရေ ၂၀၀ လောက်ကိုပဲ ၀င်ခွင့်ပြုနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
 
ပြည်တွင်းမှာ စစ်ကောင်စီရဲ့ ပြည်သူစစ်မှုထမ်း ဥပဒေပြဌာန်းလိုက်တာအပြင် အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ခုနစ်ရက် သက်တမ်းရှိတဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP ကတ်) နဲ့ တရုတ်ဘက်ခြမ်းကို အလုပ်လုပ်ဖို့ ကြိုးစားနေသူတွေလည်း နေ့စဉ်ဆိုသလို အများအပြားရှိတယ်လို့ သူကဆိုပါတယ်။
 
TBP ကတ်နဲ့ တရုတ်နိုင်ငံဘက်ခြမ်းကို ၀င်နိုင်ပြီး အလုပ်ရမရ ဆိုတာတော့ မသေချာပေမယ့် အဲဒီကတ် ရဖို့မူဆယ်မှာ နိုင်ငံတ၀န်းက လာရောက်ကြိုးပမ်းနေတဲ့သူတွေ အများအပြားရှိတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် တရုတ်နိုင်ငံကလည်း အဲဒီကတ်သက်တမ်းကုန်သူတွေကို နေ့စဉ်လိုက်လံဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြန်ပို့နေတာလည်း ရှိတယ်လို့ မူဆယ်ဒေသခံတွေက ဆိုကြပါတယ်။
 
တဖက်မှာလည်း တရုတ်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံတွေက မြန်မာအလုပ်သမားတွေအပေါ်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိနေတယ်လို့ တရုတ်နိုင်ငံမှာ အလုပ်လုပ်ပြီး ပြန်လာသူတွေက ပြောပါတယ်။
 
တရုတ်စက်ရုံတွေက မနက် ၈ နာရီကနေ ည ၈ နာရီအထိ အလုပ်လုပ်ခိုင်းပေမယ့် အလုပ်ချိန်ကို သတ်သတ်မှတ်မှတ်မရှိဘဲ အချိန်ပိုခိုင်းစေတာ အချိန်ပိုခိုင်းပေမယ့် လုပ်ခလစာမှာ အချိန်ပိုကြေး ထည့်သွင်းမပေးတာတွေအပြင် အခြားအလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Social Media (ပုံဟောင်း)
ပုံစာ – TBP ကတ်ရဖို့ တန်းစီစောင့်ဆိုင်းနေသူများကို မူဆယ်မြို့မှာ တွေ့ရစဉ်