ဇရပ်ကြီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ခုနစ်ဆယ်လောက် သေဆုံးတယ်လို့ဆို

ဖေဖော်ဝါရီ၊ ၁၁
 
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ဇရပ်ကြီး အခြေစိုက် ခလရ (၇၃) တပ်ရင်းအပါအဝင် ရဲစခန်းနဲ့လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ခုနစ်ဆယ်လောက် သေဆုံးတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသ အမှတ်(၂)စစ်ဒေသခွဲက ဒီကနေ့ထုတ်ပြန်ပါတယ်။
 
အခုလ ၇ ရက်မနက်အစောပိုင်းမှာ စတင်ခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေဘက်ကလည်း ကျဆုံးထိခိုက်မှုတွေ ရှိတယ်လို့ ဖော်ပြပေမယ့် အရေအတွက်တိတိကျကျ ဖော်ပြတာတော့ မရှိပါဘူး။
 
ဇရပ်ကြီး အခြေစိုက် စစ်ကောင်စီတပ်တွေကို ဖားစည်ဟိန်းသံနဲ့ ဆော်လမွန် ပူးပေါင်းစစ်ဆင်ရေး (ဇရပ်ကြီး)အဖြစ် အခုလ ၇ ရက်မနက် လေးနာရီခွဲမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ခလရ (၇၃) တပ်ရင်းထဲက စစ်ရေးအခြေခံ အဆောက်အအုံတွေ၊ အရေးကြီး စာရွက်စာတမ်းတွေနဲ့ ခဲယမ်းတွေကို သိမ်းဆည်း/ဖျက်ဆီး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် ဇရပ်ကြီး ရဲစခန်းနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း စီးနင်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
အလားတူ စစ်ကောင်စီရဲ့ အဓိကထောက်ပို့လမ်းကြောင်းတွေပေါ်မှာရှိတဲ့ မြို့စိုးတံတားနဲ့ နှစ်တန်ကူးတံတားတို့ကို ဖောက်ခွဲဖျက်ဆီး ဖြတ်တောက်နိုင်ခဲ့သလို ရေကြည်ချောင်းတံတား မှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းကိုလည်း တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒီတိုက်ပွဲမှာ သတ်မှတ်စစ်ဆင်ရေး ရည်မှန်းချက်တွေ အောင်မြင်ခဲ့သလို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ရှစ်ဆယ်ကျော်အထိ ပြုလုပ်ခဲ့တာကြောင့် ပြန်ဆုတ်ခွာခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
 
တောင်ပိုင်းစစ်ဒေသ အမှတ် (၂)စစ်ဒေသခွဲ အနေနဲ့ စစ်တောင်းမြစ်ဝှမ်းတခုလုံးကို စစ်ဆင်ရေး တိုးမြှင့်ဆောင်ရွက်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးအန္တရာယ်ကင်းစေဖို့ လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားဖို့လည်း အသိပေးထားပါတယ်။
 
ဇရပ်ကြီးတိုက်ပွဲအတွင်း ဒေသခံအရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ကြသလို လူဦးရေထောင်ချီ စစ်ဘေးတိမ်းရှောင် ထွက်ပြေးခဲ့ကြရပါတယ်။ လက်ရှိမှာတော့ ဇရပ်ကြီးကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ အရပ်သားတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် ပိတ်မိနေသူ အများအပြားရှိသေးတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ပြောထားပါတယ်။
 
ဓာတ်ပုံ – တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲ