တနိုင်ငံလုံးကို ပြည်တွင်းစစ်ထဲ တွန်းပို့လိုက်တဲ့ စစ်ကောင်စီ

ဖေဖော်ဝါရီ၊ ၁၁
 
ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ရည်ရွယ်ချက်နဲ့ နယ်ကနေ ရန်ကုန်မှာ သင်တန်းလာတက်နေတဲ့ ကိုဇော်ဖြိုးဝေ (အမည်လွှဲ) တယောက် သူ့ရဲ့ ဂျပန်ထွက် အလုပ်လုပ်မယ့် အစီအစဥ်နဲ့ပတ်သက်ပြီး ခေါင်းကိုက်နေရပါပြီ။
 
“လေဆိပ်ရောက်မှပဲ စစ်မှုမထမ်းသေးလို့ဆိုပြီး မထွက်ခိုင်းဘဲ ဖမ်းထားမလား၊ စာရွက်စာတမ်းတွေ လုပ်နေတုန်းပဲ လာခေါ် သွားမလား” လို့ အသက် ၂၄ နှစ်အရွယ် ကိုဇော်ဖြိုးဝေက သူစိုးရိမ်နေတာကို ပြောပြပါတယ်။
 
အကြောင်းကတော့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်း အနည်းဆုံး နှစ်နှစ် စစ်မှုထမ်းရမယ်လို့ နအဖ စစ်အစိုး ရလက်ထက်က ပြဋ္ဌာန်းထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်သွင်းလိုက်လို့ပါ။
 
ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ ရေးဆွဲအတည်ပြုခဲ့တဲ့ အဲဒီ စစ်မှုထမ်းဥပဒေအရ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ် က နေ ၂၇ နှစ်အထိ အရွယ်ရှိသူတွေ မဖြစ်မနေ စစ်မှုထမ်းကြရမှာပါ။
 
ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူ၊ ဒါမှမဟုတ် တခြားပညာရပ်တခုခုနဲ့ အသက်မွေးဝမ်းကျောင်းနေသူတွေလို နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေဆိုရင်တော့ အမျိုးသားက အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးက ၁၈ နှစ်ကနေ ၃၅ နှစ်အထိ ရှိသူတွေဟာ စစ်မှုထမ်းရမယ့်အထဲ အကျုံးဝင်ပါတယ်။
 
“ဧည့်စာရင်းသွားတိုင်ရင်တောင် အဲမှာပါတဲ့ အချက်အလက်တွေကြည့်ပြီး အခန်းမှာ လာခေါ်သွားမလား စိုးရိမ်နေရပြီ၊ သူတို့က ဘာမဆိုလုပ်မယ့်လူတွေပဲ” လို့လည်း ကိုဇော်ဖြိုးဝေက ပြောပါတယ်။
 
ကိုဇော်ဖြိုးဝေလိုပဲ အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရတက္ကသိုလ်၊ စာသင်ကျောင်းတွေမှာ ကျောင်းဆက်မတက်တော့ဘဲ ပြည်ပထွက်ပြီး ပညာဆက်သင်ဖို့၊ အလုပ်လုပ်ဖို့ ကြိုးပမ်းနေကြသူအားလုံးကတော့ အဲဒီ စစ်မှုထမ်းဥပဒေကြောင့် သူတို့ရဲ့ အစီအစဥ်တွေကို တနည်းနည်းထိခိုက်လာမှာကို စိုးရိမ်နေကြပါပြီ။
 
စစ်မှုထမ်းရမယ့်ကာလအနေနဲ့ကတော့ သတ်မှတ်ထားတဲ့ အသက်အရွယ်ရှိတဲ့ နိုင်ငံသားတိုင်းကို နှစ်နှစ်ထက်မပိုတဲ့ ကာလအတွက် စစ်မှုထမ်းဖို့ ဆင့်ခေါ်နိုင်တယ်လို့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် တပ်မတော် စက်မှု၊ လက်မှု ပညာသည်တွေနဲ့ နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေကိုတော့ သုံးနှစ်ထက်မပိုတဲ့ ကာလအတွက် စစ်မှုထမ်းဖို့ ဆင့်ခေါ်နိုင်တယ်လို့ ပါရှိပါတယ်။
 
ဒါ့ပေမယ့် နိုင်ငံဟာ အရေးပေါ်အခြေအနေ ဖြစ်နေရင် စစ်မှုထမ်းရမယ့်ကာလကို ငါးနှစ်အထိ တိုးမြှင့်သတ်မှတ် နိုင်တယ်လို့လည်း ထည့်သွင်းပြဋ္ဌာန်းထားလို့ လက်ရှိကာလမှာ စစ်မှုထမ်းရတဲ့သူတိုင်း ငါးနှစ်အထိ စစ်မှုထမ်းရမယ့် အခြေအနေ ဖြစ်နေပါတယ်။
 
နိုင်ငံရေးအကဲခတ်တွေ၊ CDM စစ်သားတွေ၊ တော်လှန်ရေးအင်အားစုတွေအပြင် သာမာန်ပြည်သူတွေကပါ စစ်ကောင်စီတပ် ဟာ အင်အားအလွန်နည်းလာတာကြောင့် အခုလို စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး အင်အားပြန်ဖြည့်ဖို့ကြိုးပမ်းတာလို့ တညီတညွတ်တည်း သုံးသပ်ကြပါတယ်။
 
“စစ်သားတွေ သောင်းနဲ့ချီပြီး ကျဆုံးနေလို့ နဂိုကတည်းက စစ်မှုထမ်းဟောင်းတွေ၊ စစ်သားအိမ်ထောင်သည်တန်းလျားက အမျိုးသမီးတွေလို စစ်တပ်နဲ့ ပတ်သက်နေတဲ့ အတန်းအစားမျိုးစုံကို အတင်းတပ်ထဲဆွဲသွင်းနေတဲ့အချိန်အခုလိုလုပ်တာ တော့ မဆန်းပါဘူး” လို့ ဝါရင့်နိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်က ပြောပါတယ်။
 
အာဏာသိမ်းပြီးနောက်နိုင်ငံတဝန်းမှာပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ခုခံတော်လှန်မှုတွေကို ဟန်ကိုယ့်ဖို့ ဆိုသလို ရရာနည်း လမ်းတွေနဲ့ကျားကန်ပြီး မှင်သေသေနေလာခဲ့တဲ့ စစ်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေးမှာ အရှုံးကြီးရှုံးရချိန်မှာတော့ ဟန်ကိုယ့် ဖို့ မတတ်နိုင်တော့ပါဘူး။
 
ရှမ်းမြောက်မှာ ညီနောင်သုံးဖွဲ့နဲ့ အပစ်မရပ်ခင်ကတည်းက စစ်ပြေးမှုအပါအဝင် ပြစ်ဒဏ်တွေကျခံနေရတဲ့ စစ်သားဟောင်း တွေကို စစ်မှုပြန်ထမ်းရင် အပြစ်ကြေအေးပေးမယ်ဆိုပြီး လူသိရှင်ကြား အပေးအယူလုပ်ကာ အင်အားတွေပြန် ဖြည့်တင်း ခဲ့ရပါတယ်။
 
အဲ့ဒီနောက် တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ရှမ်းမြောက်မှာ အပစ်ရပ်နိုင်ခဲ့ပေမယ့် ပလက်ဝနဲ့ ရခိုင်တိုက်ပွဲတွေမှာပါ အင်အား အများအပြားထပ်ဆုံးရှုံးခဲ့ရတဲ့နောက်မှာတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီး သူတို့မှာ အင်အားနည်းနေပြီ ဖြစ်ကြောင်း ဝန်ခံလာရပါတော့တယ်။
 
“စစ်ထဲဝင်မယ့် သူလည်းမရှိတော့ဘူးလေ၊တပ်ထဲမှာလည်း လူမရှိတော့ဘူး၊လိုင်းခန်းအလွတ်တွေမှအများကြီး၊ အဲလိုမှ (စစ်မှုထမ်း ဥပဒေ)မလုပ်ရင် စစ်သားဆိုတာအရုပ်ဆွဲပြရတော့မယ်” လို့လည်း မန္တလေးတိုင်း အခြေစိုက်တပ်ရင်းတခုက အရာခံဗိုလ်တဦးရဲ့ဇနီး၊ သားသမီးသုံးဦးရဲ့မိခင်ဖြစ်သူတဦးက ပြောပါတယ်။
 
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခုလို နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့် ဥပဒေကို လို အပ်ရင် လက်တွေ့ကျင့်သုံးမယ်ဆိုတဲ့အကြောင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလထဲ ပြုလုပ်တဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံမှာ ထုတ်ပြောခဲ့ဖူးပါတယ်။
 
ဒီဥပဒေကို အသက်သွင်းဖို့ သမ္မတဦးသိန်းစိန်လက်ထက်ကတည်းက တိုက်တွန်းချက်တွေရှိခဲ့ပေမယ့် ပြည်တွင်းစစ်မှာ စစ်တပ်က စံချိန်တင် ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးချိန်မှာတော့ လက်တွေ့အကောင်အထည်ဖော်လာတာပါ။
 
အခုဥပဒေအရ စစ်မှုထမ်းရမယ့်တာဝန်ကနေ ကင်းလွတ်ခွင့်ရနိုင်တဲ့ လူတန်းစားလေးခုသတ်မှတ်ထားပါတယ်။
 
သာသနာ့ဝန်ထမ်းတွေ၊အိမ်ထောင်သည်အမျိုးသမီးတွေ(အိမ်ထောင်ကွဲပြီး သားသမီးရှိသူတွေလည်း ပါဝင်)၊ ကိုယ်လက်အ င်္ဂါတခုခု အမြဲတမ်းမသန်စွမ်းသူ၊စစ်မှုထမ်းရန်မသင့်တော်သူအဖြစ် ဆေးစစ်ရေးဘုတ်အဖွဲ့ က သတ်မှတ်ထားသူတွေနဲ့ စစ်မှု ထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်ပြီးကင်းလွတ်ခွင့် ပေးထားသူတွေဖြစ်ပါတယ်။
 
ဒါ့အပြင်စစ်မှုထမ်းဖို့ ကျန်းမာရေးအဆင့်မမီကြောင်း ဆေးစစ်ရေးဘုတ်အဖွဲ့တွေက ထောက်ခံချက်ပေးထားသူတွေ၊ နိုင်ငံ့ ဝန်ထမ်း တွေ၊ ပညာသင်ကြားနေသူတွေ၊ ပြုစုစောင့်ရှောက်မယ့်သူမရှိတဲ့ မိအိုဖအိုတွေကိုလုပ်ကျွေးနေသူတွေ၊ မူးယစ်ဆေး ဖြတ်ဖို့ ဆေးကုသမှုခံယူနေသူတွေ၊ထောင်ဒဏ်ကျခံနေရသူကိုတော့ စစ်မှုထမ်းရမယ့်တာဝန်ကနေ ယာယီရွှေ့ဆိုင်းနိုင်တယ် လို့ ဆိုထားပါတယ်။
 
စစ်မှုထမ်းဖို့ သတ်မှတ်အသက်အရွယ်ရောက်ပြီးသူအဖြစ် မှတ်ပုံတင်ဖို့၊ ဆေးစစ်ဖို့၊၊စစ်မှုထမ်းဖို့ စတဲ့လုပ်ငန်းစဉ် အဆင့် ဆင့်အတွက် ဆင့်ခေါ်ချိန်မှာ သတင်းပို့ဖို့ ပျက်ကွက်ရင်တော့ သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ် နိုင်တယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။
 
ဒါ့အပြင် စစ်မှုမထမ်းရအောင် လိမ်လည်၊ ဟန်ဆောင်မှုတွေ ကျူးလွန်ရင်လည်း ငါးနှစ် ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်ဆိုပြီး ဆက်လက်ပြဋ္ဌာန်းထားပါသေးတယ်။
 
ဒီပြဌာန်းချက်တွေနဲ့ လက်ရှိမြန်မာနိုင်ငံမှာအမြစ်တွယ်ကျင့်သုံးနေတဲ့ အဂတိလိုက်စားမှုအခြေအနေတွေအရဆိုရင် အခုအ သက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေဟာ အောက်ခြေလူတန်းစားတွေကို အဓိကအကျပ်အတည်းဖြစ်စေလိမ့်မယ်လို့ လေ့ လာသူတွေကသုံးသပ်ကြပါတယ်။
 
အဓိကအားဖြင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေ၊ ကျန်းမာရေးစစ်ဆေးမယ့် ဆေးစစ်ရေးဘုတ်အဖွဲ့တွေကို လာဘ်ထိုးပြီး စစ် မှုထမ်းနိုင်ဖို့ သတ်မှတ်ချက်မပြည့်မီကြောင်း ထောက်ခံခိုင်းတာမျိုး လုပ်လာနိုင်တယ်လို့ ယူဆနေကြတာပါ။
 
အခုမှ ဥပဒေအသက်ဝင်ပြီးစတင်လည်ပတ်မယ့် စစ်မှုထမ်းဥပဒေကို အသာထားလို့ လက်ရှိစစ်တပ်ထဲမှာတောင် ဒီလိုကိစ္စ တွေရှိနှင့်နေခဲ့ပြီးသားဖြစ်ပါတယ်။ဒီအခါ ငွေပေးနိုင်သူတွေက စစ်မှုထမ်းဖို့ကို ရှောင်လွှဲနိုင်ပြီး ငွေမပေးနိုင်သူတွေကတော့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာရနိုင်ချေပိုများနေပါတယ်။
 
“ပိုက်ဆံရှိတဲ့ သား၊ သမီးကတော့ ဆေးကျအောင်လုပ်ပြီး ရှောင်ကြမှာပဲ၊ အခုတပ်ထဲမှာ ဆေးကျအောင် ငွေပေးလုပ်သလို လုပ်ကြမှာ သေချာတယ်၊ ကျွန်မကတော့ ယောက်ျား တောင် တပ်ထဲကပြန်ထုတ် မရလို့၊ သား၊ သမီးအထိ ကျွန်မခံနိုင်ဘူး” လို့ စစ်တပ် အရာခံဗိုလ်တဦးရဲ့ဇနီးက ပြောပါတယ်။
 
ဒါ့အပြင် လက်ရှိစစ်ကောင်စီတပ် အရာရှိကြီးတွေနဲ့ စစ်ကောင်စီအစိုးရအဖွဲ့ဝင်တွေရဲ့ သား၊ သမီးတွေကိုရော အဲဒီဥပဒေ အတိုင်း စစ်မှုထမ်းခိုင်းမလားဆိုတာဟာ လတ်တလောမှာ စစ်တပ်ထောက်ခံသူတွေနဲ့အောက်ခြေတပ်မိသားစုတွေကြား မှာပါ ဆွေးနွေးနေကြတဲ့ မေးခွန်းတခုအဖြစ်ရှိနေပါတယ်။
 
“မြန်မာစစ်တပ်ကတော့ သူတို့အာဏာတည်နေဖို့ ပြည်သူတွေ အချင်းချင်းကိုတော့ စစ်တိုက်ခိုင်းဖို့ စီစဉ်နေတယ်။ သူတို့နဲ့ သူတို့ မိသားစုတွေကျတော့ “ဥပဒေ” ရဲ့ အပြင်ဘက် “ဥပဒေ” ရဲ့ အထက်မှာ နေနေတယ်။ လွတ်နေတယ်” လို့ ဒေါက်တာမီ မီဝင်းဘတ်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ရေးသားဝေဖန်ထားပါတယ်။
 
အမေရိကန်စစ်တပ်မှာ ၂၈ နှစ်အကြာ တာဝန်ထမ်းဆောင်ပြီး ဒုတိယ ဗိုလ်မှူးကြီး ရာထူးနဲ့ အငြိမ်းစားယူခဲ့တဲ့ မြန်မာနွယ်ဖွား ဒေါက်တာမီမီဝင်းဘတ်ဟာ လက်ရှိမှာတော့ ဟာဝိုင်ယီအခြေစိုက် လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှ-ပစိဖိတ်ဌာနမှာ ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်နေသူတဦး ဖြစ်ပါတယ်။
 
“ပြည်သူ့စစ်မှုထမ်း ဥပဒေရှိတဲ့ နိုင်ငံတစ်ချို့ရှိပါတယ်။ ယောက်ျားလေးတွေကိုပဲ အဓိထား ခေါ်လေ့ရှိတယ်။ လူတန်းစားမ ရွေး အမှုထမ်းရပါတယ်။ မိမိနိုင်ငံကို ကျူးကျော်လာမဲ့ ပြည်ပရန် ကာကွယ်ဖို့အတွက် ဖြစ်တယ်” လို့လည်း ဒေါက်တာမီမီ ဝင်းဘတ်က ပြောထားပါတယ်။
 
အာဏာသိမ်းပြီးနောက် ဒုတပ်ရင်းမှူးအဆင့်ကနေ CDM မှာပါဝင်လာခဲ့တဲ့ စစ်တပ်ဗိုလ်မှူးတဦးကလည်း အလားတူ ထောက် ပြပါတယ်။
 
“ဒီစစ်ပွဲတွေက ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေတဲ့စစ်မဟုတ်ဘူး၊အာဏာရူးလို့ဖြစ်တဲ့စစ်ပါ။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်လို့ပြည်သူကခုခံတွန်းလှန်တဲ့စစ်”လို့သူကပြောပါတယ်။
 
၂၀၂၁ခုနှစ်အာဏာသိမ်းပြီးကတည်းက ကိုယ့်ပြည်သူကိုယ် ပြန်သတ်နေတဲ့ စစ်တပ်အဖြစ် ဝေဖန်စွပ်စွဲခံနေရပြီး တပ်အင်အားအသစ်တွေစုဆောင်းရခက်လာသလို ရှိရင်းစွဲအင်အားတွေလည်း တဖြုတ်ဖြုတ်လျော့နည်းလာတဲ့ စစ်ကောင်စီက ပြည်သူတွေနဲ့တိုက်တဲ့စစ်ပွဲထဲ ပြည်သူတွေကိုစစ်မှုထမ်းခိုင်းပြီး ပါဝင်စေမယ့်သဘောဖြစ်နေ တာပါ။
 
ဒါပေမယ့် စစ်ကောင်စီက အဲဒီဥပဒေကို အတင်းအဓမ္မ အကောင်ထည်ဖော်လာရင် ငြိမ်ခံမနေဖို့ ဆုံးဖြတ်ထားကြ သူတွေ ရှိသလို သူတို့အနေနဲ့ ရွေးချယ်စရာလမ်းကြောင်းကလည်းအဆင်သင့်ရှိနေပါတယ်။
 
“သူငယ်ချင်း PDF တွေရှိတယ်။ အဲဒီသွားမှာ။အာဏာသိမ်းကတည်းက ဒင်းတို့ကို မကျေနပ်တာ၊ ဆန္ဒပြပွဲတွေမှာပါခဲ့တာ။ မိ သားစုအခြေအနေအရ ကျနော့မှာ တော်လှန်ရေးလုပ်ဖို့ အခြေအနေမပေးဘူး၊ အခုက ကျနော်တို့ကို (တော်လှန်ရေးလုပ်ဖို့) တွန်းပို့နေသလိုဖြစ်နေတယ်” လို့မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ကနေ ရန်ကုန်မှာ အလုပ်လာလုပ်နေတဲ့ အသက် သုံးဆယ် အရွယ် နည်းပညာတက္ကသိုလ်ကျောင်းဆင်း လူငယ်တဦးက သူရဲ့ ကနဦး ဆုံးဖြတ်ချက်ကို ပြောပြပါတယ်။
 
တချိန်တည်းမှာပဲ အဲဒီ ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်တာနဲ့အတူ စစ်မှုမထမ်းရအောင် ရှောင်ရှားနိုင်မယ့် နည်း လမ်းတွေလည်း ရှိလာမယ်လို့ သုံးသပ်နေကြပါတယ်။
 
စစ်ကောင်စီရဲ့အခုခြေလှမ်းကိုဘယ်လိုတုံ့ပြန်မယ်ဆိုတာနဲ့ ပတ်သက်လို့ “ဆိုင်ရာအဖွဲ့အစည်းများတိုင်ပင်နေပါတယ်”လို့ ဦးမင်းကိုနိုင်က လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
 
တချို့ကလည်း စစ်မှုထမ်းဥပဒေအရ စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံလိုက်ရပါက စစ်တပ်ထဲကနေပဲ စစ်တပ်ကို ပြန်တိုက်တာ၊ သေနတ်ယူပြီး ထွက်ပြေးလာတာတွေ လုပ်လို့ရတယ်ဆိုပြီး အကြံပေးတာတွေလည်း ရှိနေပါ တယ်။
 
ဒီအချက်နဲ့ ပတ်သက်လို့ DNA ကမေးမြန်းခဲ့သူတွေရော တခြားနည်းလမ်းအမျိုးမျိုးနဲ့ပါထုတ်ဖော်ပြောဆိုထားတဲ့ စစ်ရေး ကျွမ်းကျင်သူတွေ၊စစ်ရေးနဲ့နီးစပ်သူတွေ တညီတည်းတုံ့ပြန်ကြတာကတော့ လက်တွေ့ကျတဲ့ ရွေးချယ်မှုမဟုတ်ဘူး ဆို တာပါ။
 
“သေချာတာတခုကတော စစ်တပ်ဘက်ကလည်း ဒါကိုပြီးပြီးရောပုံစံနဲ့ လုပ်မှာမဟုတ်ဘူး၊ ဝင်လာတဲ့သူတွေကို တစုတစည်း တည်းမဟုတ်ဘဲနဲ့ သူတို့ရဲ့လူတွေကြားထဲမှာ လူစုခွဲလိုက်တဲ့ပုံစံမျိုး၊ သို့မဟုတ် လက်နက်ပေးမကိုင်တဲ့ပုံစံမျိုး” လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ခန့်မှန်းပါတယ်။
 
ဒါ့အပြင် စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲအသစ်ရောက်လာတဲ့ သူတွေကို စစ်ကောင်စီတပ်က သူတို့ရဲ့ ရန်သူ့နေရာတွေကို ထိုးဖောက်ဝင်ရောက်တဲ့ တိုက်ပွဲတွေမှာ အသုံးချတဲ့အထိ လုပ်လာနိုင်တယ်လို့ သူကသုံးသပ်ပါတယ်။
 
မွန်ပြည်နယ်၊ သထုံဘက်မှာ အခြေစိုက်တဲ့ ကျောင်းသားတပ်မတော်(ABSDF) တပ်မဟာ(၁) တပ်ဖွဲ့ဝင်တဦးကလည်း စစ်ကောင်စီက လွယ်လွယ်နဲ့ လက်နက်ထုတ်ပေးမှာ မဟုတ်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။
 
“သူတို့ကိုယ်တိုင် ဖွဲ့ထားတဲ့ ပြည်သူ့စစ်တွေ၊ ပျူစောထီးတွေကိုတောင် ယုံယုံကြည်ကြည်နဲ့လက်နက် အပြည့်အဝ တပ်ဆင် ပေးကြတာမဟုတ်ဘူး၊ အခုမှဝင်လာမယ့်ပြည်သူကို စစ်ကောင်စီကယုံကြည်မှာမဟုတ်ဘူး။ လက်နက်ခဲယမ်းသယ် ဆောင် ထမ်းပိုးမယ့် ပေါ်တာအဆင့်နဲ့ ရှေ့က အသေခံဒိုင်းကာလုပ်ခိုင်းမယ့်သဘောပဲ”လို့ သူက ဆိုပါတယ်။
 
တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သားအဖြစ် မစုဆောင်းခံရအောင် ကြိုတင်ပြင်ဆင်ကြဖို့နဲ့ သူတို့အင်အားစုတွေဆီ ပူးပေါင်းကြဖို့ တိုက်တွန်းနေကြပါတယ်။
 
“နည်းလမ်း ပေါင်းစုံပေါ့လေ၊ လက်နက်ကိုင် လမ်းစဉ် မဟုတ်ဘဲနဲ့ အခြားသောလမ်းစဉ်တွေလည်း အများကြီးရှိသေးတာကိုး နော်၊ အဲလိုမျိုးပါဝင်ပြီးတော့မှ အင်တိုက်အားတိုက် လုပ်လိုက်ဖို့၊ ချေမှုန်းလိုက်ဖို့၊ အနိုင်ယူလိုက်ဖို့ ဆိုတာမျိုးကို ပိုပြီးတော့မှ တိုက်တွန်းလိုတယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ဦးစီးချုပ် ကိုမာဝီက ပြောပါတယ်။
 
KNDF လိုပဲ တခြားတော်လှန်ရေးတပ်ဖွဲ့တွေကလည်း လမ်းကြောင်းတခုတည်းကိုပဲ မဖြစ်မနေရွေးချယ်ရမယ့်အခြေအနေ ဖြစ်လာတဲ့အခါ တော်လှန်ရေးတပ်ဖွဲ့တွေဆီလာရောက်ပူးပေါင်းကြဖို့နဲ့ ကြိုဆိုနေတဲ့အကြောင်း ထုတ်ဖော်ပြောဆိုအသိပေး မှုတွေလုပ်ထားပါတယ်။
 
စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ CDM ပြုလုပ်နိုင်ရေး ဆောင်ရွက်နေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ကတော့ တကယ်လို့ ဖိအားပေးခံရပြီး စစ်တပ်ထဲ ရောက်သွားသူတွေအနေနဲ့ သူတို့အဖွဲ့ကို အမြန်ဆုံးဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့ အသိပေးထား ပါတယ်။
 
ဂျပန်ထွက် အလုပ်လုပ်ဖို့ စီစဥ်ထားတဲ့ ကိုဇော်ဖြိုးဝေတယောက်ကတော့ စစ်ကောင်စီက အဲဒီစစ်မှုထမ်းဥပဒေကို အတင်း အကျပ် အကောင်ထည်ဖော်လာမယ်ဆိုရင် ထိုင်းနိုင်ငံထဲ ထွက်ပြေးပြီး အလုပ်လုပ်ရင်းနဲ့ပဲ တော်လှန်ရေးအတွက် ထောက်ပို့ လုပ်ပေးဖို့ စိတ်ကူးထားပါတယ်။
 
“ဂျပန်ထွက်တာက တရားဝင်လမ်းက ထွက်မှရတာဆိုတော့ ထိုင်းကိုပဲ အောက်လမ်း(တရားမဝင်လမ်း)ကနေ ပြေးရမှာပေါ့၊ ဒါပေမယ့် ကိုယ်ကလွတ်ပြီး အိမ်ကလူတွေကို ပြဿနာလာရှာမှာကိုလည်း စိတ်ပူသေးတယ်”လို့ ကိုဇော်ဖြိုးဝေက ပြောပါ တယ်။
 
ကိုဇော်ဖြိုးဝေလို လူပျိုလူလွတ်တွေတင်မကပါဘူး စစ်မှုထမ်းရမယ့်အထဲ မပါတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေကလည်း သူတို့ရဲ့ ခင်ပွန်းဖြစ်သူတွေအတွက် ရတက်မအေးပါဘူး။
 
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ဒေသက အိမ်ထောင်သည် အမျိုးသမီးတဦးကတော့အသက်သုံးဆယ်အရွယ် သူ့ရဲ့ ခင်ပွန်း နဲ့ ၂၅ နှစ်အရွယ်မောင်ဖြစ်သူတို့အတွက် စိုးရိမ်နေရတဲ့အကြောင်း အခုလိုဖွင့်ဟပါတယ်။
 
“ရှေ့တန်းတွေကိုပဲ တန်းပို့မလား၊ စစ်သားမဟုတ်ဘဲနဲ့ စစ်တပ်ထဲ ပို့ခံရရင် အကုန်သေကုန်မယ်လေ၊ အသေခံခိုင်းဖို့ လုပ်နေ သလိုပဲ။ ဘယ်အချိန် မုဆိုး မဖြစ်ကျန်ခဲ့မလဲ ကြောက်နေရမယ်”
 
အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေကတော့ တနိုင်ငံလုံးက အရွယ်ရောက်ပြီးသူတွေကို ကြားနေခွင့်မပေးတော့ဘဲ တဘက်ဘက် မှာ ခြေစုံရပ်ရွေးချယ်လိုက်ဖို့ တွန်းအားပေးလိုက်ပြီဖြစ်ပါတယ်။
 
စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြိုင်ဘက်ရန်သူတွေကိုဟန့်တားနိုင်ဖို့ ပြည်သူတွေဂုဏ် ယူဝမ်းမြောက်စွာ စစ်မှုထမ်းနိုင်ကြပြီလို့ ဖိတ်ခေါ်ထားပါတယ်။
 
မကြာသေးခင်ကအထိ နိုင်ငံအနှံ့မှာ ပြုလုပ်ခဲ့တဲ့ စစ်တပ်ထောက်ခံပွဲတွေမှာ အင်အားမနည်းလှတဲ့ လူစုလူဝေးတွေကို တွေ့ခဲ့ ကြရပါတယ်။လက်ရှိအခြေအနေမှာစစ်ခေါင်းဆောင်တွေအလိုကျ စစ်တပ်ထဲဝင်ပြီး စစ်မှုထမ်းဖို့အရေး ဂုဏ်ယူဝမ်းမြောက် နေမယ့်သူတွေ ဘယ် လောက်များများရှိနိုင်ပါသလဲ။
 
စောင့်ကြည့်ကြရအောင်ပါ။