နိုဝင်ဘာ၊ ၉
ရခိုင့်တပ်တော် (AA)ပါဝင်တဲ့ ညီနောင်မဟာမိတ်တပ်တွေရဲ့ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်တိုက်ပွဲတွေမှာ အထိနာနေချိန် ရခိုင်ပြည်နယ်အတွင်းမှာလည်း စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတဲ့ စစ်ကောင်စီတပ်က ဒေသတွင်းအခြေစိုက် အရပ်ဘက်အဖွဲ့ ရုံးတချို့ကို ဝင်စစ်ပြီး ခွင့်ပြုချက်မရှိဘဲ ခရီးမသွားကြဖို့ တားမြစ်ခဲ့တယ်လို့ အဲဒီအရပ်ဘက်အဖွဲ့တွေနဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက စစ်တွေမြို့ရှိ အရပ်ဘက်အဖွဲ့ရုံး နှစ်ရုံးကို အခုရက်ပိုင်းအတွင်း သွားရောက်ကာ ခရီးသွားလာမှု မှတ်တမ်းတွေ၊ ငွေအ၀င်အထွက်တွေနဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
” ရုံးကို ဝင်စစ်ပြီး ခရီးမသွားကြဖို့၊ ခရီးသွားရင် ခွင့်ပြုချက်ယူရမယ်ဆိုပြီး ဘာညာ လာပြောတယ်လို့ ပြောတယ်၊ သူတို့ စောင့်ကြည့်နေတယ်၊ သတိထားကြဆိုပြီး ခြိမ်းခြောက်တဲ့သဘောပေါ့ ” လို့ ဝင်စစ်ခံခဲ့ရတဲ့ စစ်တွေမြို့က NGO အဖွဲ့တခုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အဲဒီလို စစ်ဆေးမှုတွေကြောင့် ဒေသတွင်း အရပ်ဖက်အဖွဲ့ တာဝန်ရှိသူအချို့ တိမ်းရှောင်နေကြရပြီး သူတို့ရဲ့ လူမှုကူညီရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ်လုပ်ကိုင်လို့မရတဲ့ အခြေအနေဖြစ်နေတယ်လို့ စစ်တွေမြို့က အရပ်ဘက်အဖွဲ့တ တခုရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
” သတင်းထောက်တွေကိုလည်း ဖမ်းတာတွေ ရှိလာတယ်လေ၊ တိုက်ပွဲဖြစ်ဖို့ကလည်း အသံတွေ ကြားနေရတယ်ဆိုတော့ အရက်ဘက်အဖွဲ့တွေကို အငြိုးထားလာတာပေါ့၊ အရင်တိုက်ပွဲဖြစ်တုန်းကလည်း အဲလိုပဲ အရပ်ဘက်အဖွဲ့တွေကို မျက်စောင်းထိုးခဲ့တယ်လေ ” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း စစ်တွေမြို့အခြေစိုက် အရပ်ဘက်အဖွဲ့တခုဖြစ်တဲ့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က)နဲ့အမှုဖွင့် တရားစွဲထားပါတယ်။
ရခိုင်ပြည်နယ်စ စ်ကောင်စီတာဝန်ရှိသူတွေဟာ အခုနှစ် ၂၀၂၃ ခု မတ်လအတွင်းကလည်း ရခိုင်ဒေသအခြေစိုက် အရပ်ဘက် အဖွဲ့တာဝန်ရှိသူတွေကို ခေါ်တွေ့ပြီး လက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အစပ်မလုပ်ဖို့နဲ့ လုပ်ခဲ့ရင် အရေးယူမယ်ဆိုပြီး ခြိမ်း ခြောက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ် စစ်ကောင်စီ တာဝန်ရှိသူတွေဟာ အခုနှစ် ၂၀၂၃ ခုနှစ် မတ်လအတွင်းကလည်း ရခိုင်ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့ တာဝန်ရှိသူတွေကို ခေါ်တွေ့ပြီး လက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အစပ်မလုပ်ဖို့နဲ့ လုပ်ခဲ့ရင် အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိ အပစ်ရပ်ထားတဲ့ ကာလအတွင်း ရခိုင်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တွေကိုလည်း စစ်ကောင်စီတပ်အရာရှိတွေက ခေါ်တွေ့၊ ခြိမ်းခြောက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
” တိုက်ပွဲတွေ ဖြစ်လာပြီဆိုတာနဲ့ အခက်အခဲရောက်မှာက ပြည်သူတွေဖြစ်တယ်။ လက်နက်ကိုင်တွေကျတော့ ပြည်သူတွေကို ပံ့ပိုးမှု အားနည်းတယ်လေ၊ အဓိကပံ့ပိုးနေကြတာက အရပ်ဘက်အဖွဲ့တွေပဲဆိုတော့ သူတို့ (စစ်ကောင်စီ)တွေက အဲဒီထောက်တိုင်တွေကို ဖြိုဖို့၊ ထောက်ပံ့တဲ့ အုပ်စုတွေကို ဖြိုပြီးတော့ ပြည်သူတွေ အထိနာအောင် တိုက်မယ်ပေါ့ ” လို့ ရခိုင်ဒေသခံ တက်ကြွလှုပ်ရှားသူတဦးက သူ့အမြင်ကို ပြောပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်အတွင်း အရပ်ဖက်အဖွဲ့တွေကို စစ်ဆေးတာ၊ ဒေသခံမီဒီယာတွေကို သတင်းမှန်တွေ မရေးသားနိုင်အောင် စနစ်တကျအကွက်ချ စီစဉ်တာ၊ လက်နက်စမ်းသပ်ခြောက်လှန့်ပစ်ခတ်တာတွေ လုပ်နေပြီး ဒါဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ အစလို့ ပြောလို့ရကြောင်း မနေ့ကထုတ်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်ထဲမှာလည်း ထည့်သွင်းရေးသားထားပါတယ်။
ရခိုင့်တပ်တော် AA ဟာ အာဏာမသိမ်းခင်ကရော အာဏာသိမ်းပြီးနောက်မှာပါ စစ်ကောင်စီနဲ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ဖူးပေမယ့် လက်ရှိမှာ နှစ်ဖက် နှုတ်သဘောတူညီချက်အရ အပစ်ရပ်ထားကြတာပါ။
ဒါပေမယ့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းမြောက်ဒေသတို့က ၁၀၂၇ စစ်ဆင်ရေးနဲ့ ဆက်စပ်စစ်ရေးလှုပ်ရှားမှုတွေမှာတော့ AA တပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်နေတယ်လို့ AA ပါဝင်တဲ့ ညီနောင်မဟာမိတ်တပ်နဲ့ KIA တို့က တရားဝင်ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာလည်း နှစ်ဖက်အပစ်ရပ်ထားကြပေမယ့် စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ လက်နက်စမ်းသပ်မှုတွေ၊ အရပ်သားတွေ၊ အရပ်ဘက်အဖွဲ့တွေအပေါ် ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်လာနေမယ်ဆိုရင်တော့ နှစ်ဖက်တင်းမာမှုတွေ ပိုများလာပြီး တိုက်ပွဲတွေဆီ ဦးတည်သွားနိုင်တယ်လို့ AA ပြောခွင့်ရခိုင်သုခက DNAကို ပြောထားပါတယ်။
ဓာတ်ပုံ – AFP ပုံဟောင်း