မင်းလှမှာ PDF ယာယီစခန်းကို စစ်ကောင်စီတပ် တိုက်ခိုက်ခဲ့

နိုဝင်ဘာ၊ ၉
 
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပဲခူးရိုးမအတွင်းရှိ ရှားတော ရဲစခန်းဟောင်းမှာ ယာယီစခန်းချေနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၈ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
အင်အား လေးဆယ်ကျော်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မင်းလှမြို့နယ်၊ ဟိုင်းယုလမ်းပေါက်ကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ယာယီတပ်စွဲထားသော ရှားတောရဲစခန်းဟောင်းကို လာရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
 
” ကျွန်တော်တို့ဘက်က အလောင်းရမှာစိုးလို့ သူတို့က ပြန်ဆုတ်သွားတာ ” လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅) တပ်ဖွဲ့ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရိုးမမြေက ဆိုပါတယ်။
 
အဲဒီ စီးနင်းတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ နှစ်နာရီဝန်းကျင်ခန့်ကြာအောင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပေမယ့် ထိခိုက်သေဆုံးမှု အခြေအနေကို DNA အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
ရှားတောရဲစခန်းဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်ကောင်စီအာဏာမသိမ်းခင်က ရဲတွေ နေထိုင်ခဲ့ပေမယ့် အာဏာသိမ်းချိန်ကစပြီး နေထိုင်ခြင်းမရှိတော့တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ယာယီတပ်စွဲနေတဲ့ စခန်းလည်း ဖြစ်ပါတယ်။
 
အဲဒါကြောင့် စစ်ကောင်စီတပ်အနေနဲ့ စခန်းကို ပြန်လည်ရရှိရန်အတွက် စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရိုးမမြေက ဆိုပါတယ်။
 
အခုလက်ရှိအချိန်မှာ စစ်ကောင်စီတပ်အနေနဲ့ ဘန့်ဘွေးကုန်းကို ပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
 
တော်လှန်ရေးအင်အားစုတွေကတော့ ဒီနေ့မနက်ပိုင်းမှာတော့ နယ်မြေရှင်းလင်းရေး ပြုလုပ်တဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စကားပြောစက် အကောင်းတလုံးနဲ့ ကျည်အချို့ကို သိမ်းဆည်းရမိထားတယ်လို့ ပြောပါတယ်။
 
ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅)