ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း လက်နက်မျိုးစုံ ခုနစ်ဆယ်နီးပါး ရခဲ့တယ်လို့ဆို

နိုဝင်ဘာ၊ ၉
 
နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန်ရေးတပ်တွေက ပထမဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့ ခရိုင်ရုံးစိုက်ရာမြို့ ကောလင်းမြို့သိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က ၅၀ လောက် သေဆုံးကာ လက်နက်မျိုးစုံ ၆၉ လက် ရခဲ့တယ်လို့ အဲဒီတိုက်ပွဲကို ဦးစီးခဲ့တဲ့ အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။
 
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၁ ဦးကို သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ပြီး တော်လှန်ရေးတပ်တွေဘက်က သုံးဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
အဲဒီတိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေထဲ တင့်ဖျက်လောင်ချာ တလက်လည်း ပါဝင်တာ တွေ့ရပါတယ်။ ဒါ့အပြင် Jammer လေးခု၊ ခဲယမ်းတွေ၊ ကျည်နဲ့ အသုံးအဆောင်အများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
သုံးရက်ကြာ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ်၊ MI-35 ရဟတ်ယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှု ၄၉ ကြိမ် ပြုလုပ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
 
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီက မြို့ပေါ်အထိ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပြီး Kawlin Revolution-KR ရဲ့အဆိုအရ ဆယ်ဦးထက်မနည်း ရှိနိုင်တယ်လို့ သိရပါတယ်။
 
တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ကောလင်းမြို့ကို နိုဝင်ဘာ ၃ ရက် မနက်လေးနာရီမှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၅ ရက် ည ခုနစ်နာရီမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
 
NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ ကောလင်းမြို့ကို သိမ်းပိုက်နိုင်ပြီလို့ နိုဝင်ဘာ ၆ ရက် မှာ အတည်ပြု ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
 
ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီးနောက် ဒီကနေ့အထိ မြို့ခံအရပ်သားတွေကို မြို့ထဲ ပြန်လည်ဝင်ရောက်ခွင့် မပြုသေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
 
ကောလင်းမြို့သိမ်းတိုက်ပွဲနဲ့ နောက်တရက်မှာ ခမ်းပတ်မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့တဲ့ အမှတ် (၁) စစ်ဒေသဟာ C3C (တခုတည်းသောအမိန့်ပေးကွင်းဆက်)အစီအစဉ်အရ KIA စစ်ဦးစီးချုပ်က စစ်ဒေသမှူး၊ KIAအရာရှိတွေက ခရိုင်ကွပ်ကဲရေးမှူး တွေအဖြစ် တာဝန်ယူထားတဲ့ ဒေသဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။
 
ဒါ့အပြင် အဲ့ဒီအမှတ် (၁) စစ်ဒေသက PDF တပ်ရင်းတွေနဲ့ ပကဖ အဖွဲ့တွေကို KIA အရာရှိတွေက လေ့ကျင့်ပျိုးထောင်ပြီး အနီးကပ်ကွပ်ကဲနေတဲ့ စစ်ဒေသလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – အမှတ် (၁) စစ်ဒေသ