ဂါဇာမှာ နေ့တိုင်း စစ်ဆင်ရေးတွေ နာရီပိုင်းလောက် ရပ်နားဖို့ အစ္စရေး သဘောတူ

နိုဝင်ဘာ၊ ၁၀

ဂါဇာ ကမ်းမြှောင်ဒေသမှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေကို အစ္စရေးက နေ့တိုင်း နာရီပိုင်းလောက် ရပ်နားပေးသွားမယ်လို့ အမေရိကန် အစိုးရက ထုတ်ပြန်ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဂါဇာမှာ လူသားချင်း စာနာမှု လုပ်ငန်းတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် စစ်ဆင်ရေးတွေ အချိန်အတိုင်းအတာ တခုထိ နေ့စဉ် ရပ်နားပေးဖို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟူကို တောင်းဆိုမှု အထမြောက်ခဲ့တယ်လို့ အိမ်ဖြူတော်က ကြေညာပါတယ်။

သဘောတူညီမှုအရ အစ္စရေးဟာ စစ်ဒဏ်ခံ နယ်မြေတွေမှာ ပိတ်မိနေတဲ့ ပါလက်စတိုင်း ပြည်သူတွေ ရွှေ့ပြောင်းနိုင်ဖို့နဲ့ ဂါဇာကို ထောက်ပံ့ရေး ပစ္စည်းတွေ အလျင်အမြန် ဝင်ရောက် ပို့ဆောင်ဖို့အတွက် နေ့တိုင်း ၄ နာရီကြာ အပစ်ရပ်ပေးထားမယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေး ကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက အစ္စရေး စစ်တပ်ဟာ အဲဒီလိုမျိုး နာရီပိုင်း အပစ်ရပ်တဲ့ အစီအစဉ်ကို စမ်းသပ် အကောင်အထည် ဖော်ခဲ့ပြီး အခုတော့ အတည်တကျ သတ်မှတ်သွားတော့မှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

အမေရိကန်ဟာ ဂါဇာမှာ စစ်ဘေးသင့် ပြည်သူတွေကို ကူညီနိုင်မယ့် လူသားချင်း စာနာမှု လုပ်ငန်းတွေ အားကောင်းလာရေး အစွမ်းကုန် ဆောင်ရွက်နေပြီး အစ္စရေးရဲ့ အခု သဘောတူညီမှုက အမေရိကန်ရဲ့ ကြိုးစားမှုတွေ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ် ဆိုတာကို ထင်ဟပ်စေကြောင်းလည်း ကာဘီက ဆိုပါတယ်။

လောလောဆယ်တော့ အစ္စရေးနဲ့ ပိုနီးတဲ့ ဂါဇာမြောက်ပိုင်း နယ်မြေတွေမှာ အစ္စရေးစစ်တပ်နဲ့ ဟားမားစ် ပြောက်ကျားတွေရဲ့ စစ်ပွဲက အရှိန်အမြင့်ဆုံး ဖြစ်နေပါတယ်။ အစ္စရေးက ဂါဇာမြောက်ပိုင်း ဒေသခံတွေ အနေနဲ့ တောင်ပိုင်း နယ်မြေတွေဆီ အမြန်ဆုံး ရွှေ့ပြောင်းဖို့ သတိပေးထားပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကလည်း ဂါဇာတောင်ပိုင်း နယ်မြေတွေထိ တဖြည်းဖြည်း ချဲ့ထွင် ရောက်ရှိလာနေကြောင်း သိရပါတယ်။  

 

Ref: AP