ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တရာကျော်အထိရှိလာ

ဖေဖော်ဝါရီ၊ ၆
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ကောင်စီနယ်ခြားစောင့် တပ်ဖွဲ့ဝင်အရေအတွက် စုစုပေါင်း ၁၁၃ ဦးရှိပြီလို့ အဲဒီနိုင်ငံအခြေစိုက်The Daily Star သတင်းဌာနက ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ ဖော်ပြပါတယ်။
 
ထွက်ပြေးလာတဲ့ နယ်ခြားစောင့်ရဲတွေကို လက်နက်ဖြုတ်သိမ်းပြီး လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကို ကိုးကားပြီး ဖော်ပြထားတာပါ။
 
ထွက်ပြေးလာသူတွေထဲမှာ ဒဏ်ရာရထားသူတွေလည်း ပါဝင်ပြီးသူတို့ကိုတော့ ဆေးကုသပေးထားတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်လည်ပို့ဆောင်ဖို့ကိုတော့ သံတမန်ရေးအရ ဆောင်ရွယ်မယ်လို့လည်း ဒေသတွင်းသတင်းတွေက ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကို ကိုးကားရေးသားကြပါတယ်။
 
ရခိုင့်တပ်တော် (AA) ဟာ မောင်တောမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ တောင်ပြို (လက်ဝဲ) နဲ့ တောင်ပြို (လက်ယာ) စခန်းတွေကို ဖေဖော်ဝါရီ ၄ ရက်က စတင်ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာဖြစ်ပြီး လက်ယာစခန်းကိုတော့ အဲဒီနေ့ညနေ ပိုင်းကတည်းက သိမ်းပိုက်ရရှိခဲ့ပါတယ်။
 
ကျန်ရှိနေသေးတဲ့တောင်ပြို (လက်ဝဲ) စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်ချအညံ့ခံရင် အသက်ချမ်းသာရာရမယ်လို့ AA ၊ ကိုးကန့် (MNDAA)၊ တအာင်း (TNLA)တို့ပါ၀င်တဲ့ မဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ဖေဖော်ဝါရီ ၄ ရက် ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
 
တောင်ပြို (လက်ယာ) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေနဲ့ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့ပြီး AA ဘက်ကလည်း ကျဆုံးခဲ့သူတွေ ရှိတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးထားပါတယ်။
 
ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကတည်းက တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ မြန်မာနယ်စပ်ဒေသ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးရတဲ့ ဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားနေတာပါ။
 
ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်မှာ ဒီနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ ခုခံနေပေမယ့် အထိနာနေတယ်လို့ အငြိမ်းစားနယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး အပါအဝင် ဒေသတွင်းသတင်းရင်းမြစ်တွေက ဒီကနေ့ နေ့လယ်ပိုင်းမှာ DNA ကိုပြောပါတယ်။
 
ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တွေမှာသာမက အမ်း၊ ရမ်းဗြဲ စတဲ့ဒေသတွေမှာပါ ဒီကနေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
ဓာတ်ပုံ – Dhaka Tribune/Social media