ကိုလံဘီယာမှာ မူးယစ်ရာဇာဟောင်း မွေးမြူထားရာကနေ ပျံ့ပွားလာတဲ့ ရေမြင်းတွေက လူတွေကို စတင်ရန်မူလာ

ဖေဖော်ဝါရီ၊ ၆

 

မူးယစ်ရာဇာဟောင်းတဦး​ မွေးမြူထားရာကနေ ဆင့်ကဲ ပေါက်ပွားလာတဲ့ ရေမြင်းအုပ်ဟာ ကိုလံဘီယာ နိုင်ငံမှာ လူတွေကိုပါ အန္တရာယ်ပေး ခြိမ်းခြောက်တဲ့ အဆင့်ထိ ရောက်လာနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကမ္ဘာကျော် မူးယစ်ရာဇာကြီး ပက်ဘလို အက်စ်ကိုဘာက သူ့ရဲ့ ကိုယ်ပိုင် တိရစ္ဆာန်ရုံ Hacienda Napolesမှာ မွေးမြူဖို့ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ရေမြင်း ၄ ကောင်ကို စတင် တင်သွင်းခဲ့ပါတယ်။ ကိုလံဘီယာမှာတော့ အဲဒီရေမြင်းတွေကို ကိုကင်းရေမြင်းတွေလို့ ခေါ်လေ့ ရှိပါတယ်။ 

အက်စ်ကိုဘာ သေဆုံးသွားချိန်မှာ သူ့ကိုယ်ပိုင် တိရစ္ဆာန်ရုံလည်း ပျက်စီးသွားပြီး ရေမြင်းတွေ လွတ်မြောက်သွားပါတယ်။ အဲဒီနောက် သဘာဝ တောရိုင်းဧရိယာတွေမှာ ရှင်သန်ကျက်စားပြီး ရေမြင်းအုပ်က တရိပ်ရိပ် တိုးလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ရေမြင်းတွေဟာ ကျူးကျော်မျိုးစိတ်ဖြစ်ပြီး ဂေဟစနစ်ကို ခြိမ်းခြောက်နေသလို ဒေသခံ မျိုးစိတ်တွေကိုပါ ဖိစီးမှု ဖြစ်စေတဲ့အတွက် အရေအတွက် ကန့်သတ် လျှော့ချဖို့၊ ရွေးနုတ်ပြီး ဖျက်ဆီးဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အာဏာပိုင်တွေက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်း အကောင်အထည် ဖော်မှုတွေ နှောင့်နှေးနေခဲ့ပါတယ်။

အခုတော့ ကိုလံဘီယာ အနောက်မြောက်ပိုင်း သစ်တောတွေထဲမှာ ကြီးစိုးမင်းမူနေတဲ့ ရေမြင်းအုပ်ဟာ ကောင်ရေ ၁၇၀ လောက်ထိ တိုးပွားလာပြီး လူသားတွေကိုပါ စတင်ရန်လို တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်လာတယ်လို့ သိရပါတယ်။ ရေမြင်းတွေဟာ လူတွေကို သေဆုံးစေနိုင်လောက်တဲ့ထိ ခွန်အား၊ သန်မာမှုနဲ့ အန္တရာယ်တွေ ရှိနေပါတယ်။ အခုထိ အသေအပျောက် မရှိသေးပေမယ့် ရေမြင်းတွေ ရန်လိုတာကို ထွက်ပြေးရင်း ဒဏ်ရာရလို့ ဒေသခံတချို့ ဆေးရုံရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရေမြင်းတွေကို နည်းလမ်းမျိုးစုံနဲ့ ဖယ်ရှားမယ့် မူလ စီမံကိန်းကို ပိုမို အရှိန်မြှင့် အကောင်အထည်ဖော်ဖို့ ဖိအားတွေလည်း ဖြစ်ပေါ်လာပါတယ်။ အဲဒီ အစီအစဉ်တွေထဲမှာ ရေမြင်း အကောင် ၄၀ ကို မျိုးမပွားနိုင်အောင် လုပ်ဆောင်တာ၊ အကောင် ၇၀ ကိုတော့ အိန္ဒိယနဲ့ မက္ကဆီကို နိုင်ငံတွေဆီ လွှဲပြောင်းပေးတာတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။  

 

Ref: People