ကမ္ဘာအနှံ့မှာ ငါးမန်းကိုက်လို့ သေဆုံးသူဦးရေ မနှစ်က နှစ်ဆတိုးခဲ့

ဖေဖော်ဝါရီ၊ ၆

ကမ္ဘာတလွှားမှာ ငါးမန်းတိုက်ခိုက်မှုတွေကြောင့် အသေအပျောက်ဟာ မနှစ်က နှစ်ဆတိုးပွားလာခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတလွှားမှာ လူသေတဲ့ထိ ငါးမန်းတိုက်ခိုက်မှု ဖြစ်စဉ် ၁၀ ခု ပေါ်ပေါက်ခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် နှစ်ဆတိုးလာတာ ဖြစ်ပါတယ်။ အဲဒီထဲက ၄ ဦးဟာ ဩစတြေးလျ ကမ်းခြေတွေမှာ အသက်ဆုံးရှုံးခဲ့တာပါ။ တနည်းအားဖြင့် ဩစတြေးလျဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ငါးမန်းကြောင့် လူသေမှုတွေရဲ့ ၄၀ ရာခိုင်နှုန်း ကြုံခဲ့တဲ့ နိုင်ငံ ဖြစ်လာပါတယ်။

၂၀၂၃ ခုနှစ် တလျှောက်လုံးမှာ လူတွေက တမင်တကာ ရန်သွားစတာမျိုးကြောင့် မဟုတ်ဘဲ ငါးမန်းက တိုက်ခိုက်လို့ ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ် ၆၉ ခု ရှိခဲ့ပြီး ၂၂ ရာခိုင်နှုန်းက ထုံးစံအတိုင်း ဩစတြေးလျမှာပါ။ မှိန်းထိုးပြီး ငါးဖမ်းမှုကို အပျော်တမ်း စွန့်စားရင်း ငါးမန်းတိုက်ခိုက်ခံရမှု ၂၂ ကြိမ်ကိုတော့ ရန်စလို့ ငါးမန်းက တုံ့ပြန်တာလို့ သတ်မှတ်ပြီး အခုစာရင်းမှ ထည့်တွက်မထားကြောင်း အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ တက္ကသိုလ်ရဲ့ နိုင်ငံတကာ ငါးမန်းတိုက်ခိုက်မှု စာရင်းမှာ ပါရှိခဲ့ပါတယ်။

ငါးမန်း တိုက်ခိုက်မှုတွေဟာ နည်းပါးပေမယ့် နှစ်စဉ်ကြုံရတဲ့ အခြေအနေမျိုးဖြစ်ကြောင်း၊ ဒါပေမဲ့ ၂၀၂၃ ခုနှစ်မှာ အသေအပျောက် ကိန်းဂဏန်းက မကြုံစဖူး မြင့်တက်လာခဲ့ကြောင်း ဖလော်ရီဒါ အမျိုးသား သဘာဝ သမိုင်းပြတိုက်ရဲ့ ငါးမန်းရေးရာ လေ့လာသူ ဂေဗစ် နိုင်လွန်ကလည်း ဆိုပါတယ်။

ငါးမန်းတိုက်ခိုက်လို့ လူသေဆုံးမှုတွေဟာ လူနေကျဲပါးတဲ့ ကမ်းခြေတွေမှာ ပိုအဖြစ်များနိုင်တယ်လို့လည်း ပညာရှင်တွေက ဆိုပါတယ်။ ဥပမာ အနေနဲ့ ဩစတြေးလျ တောင်ပိုင်းက အိုင်ရဲ ရေလက်ကြားဟာ လူနေဧရိယာတွေနဲ့ အလှမ်းကွာဝေးပြီး ငါးမန်းဖြူတွေရော၊ ငါးမန်းတွေရဲ့ သဘာဝ အစာဖြစ်တဲ့ ဖျံတွေပါ ပေါများတာကြောင့် ငါးမန်းတိုက်ခိုက်ခံရနိုင်​ခြေ အမြင့်ဆုံး ဧရိယာတခု ဖြစ်နေပါတယ်။ ငါးမန်းတွေဟာ သဘာဝအားဖြင့် လူတွေကို တိုက်ရိုက် ရန်မူတာ မဟုတ်ဘဲ ဖျံတွေနဲ့ အမှတ်မှားနေတတ်တာမျိုးလို့ ဆိုပါတယ်။

ဩစတြေးလျမှာ ပင်လယ်ကမ်းခြေတွေတင် မကဘဲ အနောက်ဩစတြေးလျ ပြည်နယ်ထဲက ဆွမ်းမြစ်ထဲမှာ ကျွဲငါးမန်းကိုက်လို့ ဆယ်ကျော်သက် မိန်းကလေးတဦး သေဆုံးခဲ့ရပါသေးတယ်။ ကျွဲငါးမန်းတွေဟာ ရေငန်သာမက ရေချိုမှာပါ ရှင်သန်ကျက်စားနိုင်စွမ်း ရှိကြပါတယ်။

သုတေသီတွေရဲ့ အဆိုအရ ငါးမန်းတွေဟာ လူတွေကို အစမ်းသဘော ကိုက်ကြည့်လေ့ရှိပြီး သူတို့ရဲ့ သဘာဝ အစာမဟုတ်ရင် အဝေးကို ကူးခတ် ထွက်ခွာသွားလေ့ ရှိတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ပထမဆုံး ကိုက်လိုက်တဲ့ အချိန်မှာတင် ဒဏ်ရာပြင်းရင်၊ ဒါမှမဟုတ် ငါးမန်းက အရမ်းဆာလောင်ပြီး ရန်လိုနေရင်တော့ လူ့အသက်တွေ ဆုံးရှုံးတဲ့ထိ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။

ကမ္ဘာ့ရာသီဥတု အပြောင်းအလဲတွေနဲ့အတူ ပင်လယ်ရေ အပူချိန် မြင့်တက်လာခြင်းကလည်း ငါးမန်းတွေကို အပန်းဖြေ ကမ်းခြေတွေနားထိ ချဉ်းကပ်လာအောင် သွယ်ဝိုက် တွန်းအားပေးနေပြီး လူတွေနဲ့ ငါးမန်းတွေကြား ထိပ်တိုက်တွေ့မှုတွေ အလားအလာ ပိုများလာစေတယ်လို့လည်း ပညာရှင်တွေက သတိပေးထားပါတယ်။

 

Ref: Guardian