အမေရိကန်မှာ လူစီး ဓာတ်ငွေ့ဘောလုံး ပျက်ကျပြီး လေးဦးသေ၊ တဦးဒဏ်ရာရ

ဇန်နဝါရီ၊ ၁၅

အမေရိကန်နိုင်ငံ၊ အရီဇိုးနား ပြည်နယ်မှာ လူတွေ စီးနင်း လိုက်ပါသွားတဲ့ ဓာတ်ငွေ့ဘောလုံး ပျက်ကျခဲ့တာကြောင့် ၄ ဦးသေပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

အီလွိုင်မြို့ ရဲတပ်ဖွဲ့က အဲဒီ ဘောလုံးပေါ်မှာ စုစုပေါင်း လူ ၁၃ ဦး စီးနင်း လိုက်ပါခဲ့ပြီး ၈ ဦးကတော့ ကောင်းကင်စတန့် လေထီးခုန်သူတွေလို့ ထုတ်ပြန်ခဲ့ပါတယ်။ မိုးပျံပူဖောင်း ပျက်ကျချိန်မှာ လေထီးသမားတွေက ခုန်ထွက်ပြီး လွတ်မြောက်သွားပေမယ့် ကျန်တဲ့ ၅ ဦးက ထိခိုက်သေကြေမှုတွေ ခံစားခဲ့ရတာ ဖြစ်ပါတယ်။

အီလွိုင် မြို့တော်ဝန် မီကာ ပါဝဲလ်က ဓာတ်ငွေ့ ဘောလုံးဟာ သဲကန္တာရ တနေရာကို ပျက်ကျခဲ့တာလို့ ဆိုပါတယ်။ ဘောလုံးပေါ်ကနေ လေထီးသမားတွေ အရေးတကြီး ခုန်ထွက်ကြတဲ့ အခြေအနေကို မြေပြင်ပေါ်မှာ ရှိနေသူတွေက လှမ်းမြင်လိုက်တဲ့နောက် မူမမှန်တဲ့ ကိစ္စ တခုခု ဖြစ်နေတယ်လို့ သူ့ဆီ သတိပေး အကြောင်းကြားခဲ့ကြောင်း ပါဝဲလ်က ပြောပါတယ်။

သေဆုံးသူ တဦးဟာ ပွဲချင်းပြီး အသက်ဆုံးရှုံးခဲ့ပြီး နောက်ထပ် သုံးဦးကတော့ ဆေးရုံရောက်မှ ကွယ်လွန်ခဲ့တာလို့ ဆိုပါတယ်။ ဇန်နဝါရီ ၁၄ ရက် ဖြစ်ရပ်နဲ့ ပတ်သက်လို့ အသေးစိတ် အကြောင်းရင်းကို စုံစမ်းဖို့ ရှုပ်ထွေးမှုတွေ ရှိနေဆဲလို့ ရဲတွေက မှတ်ချက် ပေးထားပါတယ်။

သေဆုံးသူတွေထဲမှာ တနယ်သားတွေ ပါဝင်ပြီး လောလောဆယ်မှာတော့ ဆွေမျိုးသားချင်းတွေကို ဆက်သွယ်ဖို့ အပူတပြင်း စုံစမ်းနေဆဲလို့ သိရပါတယ်။

အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံမှု ကြီးကြပ်ရေးဌာနနဲ့ ဖက်ဒရယ် လေကြောင်း စီမံခန့်ခွဲမှု ဌာနက တာဝန်ရှိသူတွေပါ အခင်းဖြစ်တဲ့ နေရာကို ရောက်လာပြီး ဓာတ်ငွေ့ ဘောလုံး ပျက်ကျတဲ့ အကြောင်းရင်းကို ဆက်လက် ကြိုးစား စစ်ဆေးနေတယ်လို့ မျက်မြင်တွေက ပြောကြားခဲ့ပါတယ်။

 

Ref: UPI