ထိုးစစ်ရပ်ဖို့ အစီအစဉ် မရှိသေးကြောင်း ဂါဇာစစ်ပွဲ ရက်တရာပြည့်မှာ အစ္စရေးပြော

ဇန်နဝါရီ၊ ၁၅

ဂါဇာမှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေ ရပ်တန့်ဦးမှာ မဟုတ်ကြောင်း စစ်ပွဲ ရက်ပေါင်း ၁၀၀ ပြည့်မြောက်တဲ့ နေ့မှာ အစ္စရေးက ပြောကြားခဲ့ပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသမှာ ဟားမားစ် ပြောက်ကျားတွေ ချုပ်ငြိမ်းသွားစေမယ်ဆိုတဲ့ ကြွေးကြော်မှုနဲ့ ထိုးစစ်ဆင်နေတဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေကြောင့် ရက်ပေါင်း ၁၀၀ အတွင်း အရပ်သား အများစု အပါအဝင် ဂါဇာမှာ လူပေါင်း ၂၄၀၀၀ နီးပါး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီထဲက အများစုဟာ ကလေးတွေနဲ့ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဟားမားစ် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၇ ရက်မှာ စတင်ခဲ့တဲ့ စစ်ပွဲအတွင်း အစ္စရေးက ပါလက်စတိုင်း ပြည်သူတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တောင်အာဖရိက နိုင်ငံက တရားစွဲဆိုတာမျိုး တုံ့ပြန် ဖိအားပေးမှုတွေ ရှိနေတဲ့တိုင် အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟူကတော့ ထိုးစစ်ကို အဆုံးသတ် အောင်ပွဲ ပိုင်ဆိုင်လာချိန်ထိ ဆက်လက် ဆက်နွှဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဟိဂ်မြို့က တရားရုံး အပါအဝင် ဘယ်သူမှ အစ္စရေးကို ရပ်တန့်နိုင်မှာ မဟုတ်ကြောင်း၊ မကောင်းဆိုးရွား ဝင်ရိုးတွေလည်း အစ္စရေးကို မတားနိုင်ကြောင်း သူက ဆိုပါတယ်။ နေတန်ယာဟူ ရည်ညွှန်းတဲ့ မကောင်းဆိုးရွား ဝင်ရိုး ဆိုတာဟာ ကာကွယ်ရေး ဝင်ရိုးလို့ ညွှန်းဆိုလေ့ရှိပြီး အီရန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ လက်ဘနွန်၊ ဆီးရီးယား၊ အီရတ်နဲ့ ယီမင် အခြေစိုက် လက်နက်ကိုင် မဟာမိတ် အင်အားစုတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းကြား ခါးသီးတဲ့ ရန်ငြှိုးတွေနဲ့အတူ ဆယ်စုနှစ်တွေနဲ့ချီ မကြာခဏ စစ်ဖြစ်လေ့ရှိပြီး လက်ရှိ ဂါဇာမှာ ကြုံနေတဲ့ ပဋိပက္ခကတော့ သွေးချောင်း အစီးဆုံး အခြေအနေတခု အနေနဲ့ မှတ်တမ်း ဝင်လာခဲ့ပါတယ်။

အစ္စရေးက စစ်ရေးရည်မှန်းချက် နှစ်ခု ပြည့်မြောက်မှ ဂါဇာစစ်ပွဲမှာ အောင်ပွဲခံတယ်လို့ သတ်မှတ်မှာဖြစ်ကြောင်း ပြောကြားထားပါတယ်။ အဲဒီ ရည်မှန်းချက်တွေကတော့ ဂါဇာမှာ ဟားမားစ်တွေရဲ့ ကြီးစိုးမှုကို အပြီးတိုင် ဖယ်ရှားဖို့နဲ့ ဟားမားစ်တွေ လက်ထဲမှာ ကျန်နေသေးတဲ့ ဓားစာခံ ၁၄၀ နီးပါးကို ကယ်ဆယ်ဖို့ ဖြစ်တယ်လို့ အစ္စရေးက ထုတ်ပြန်ထားပါတယ်။

 

Ref: Al Jazeera