စစ်တွေမြို့အနီးရှိ တောကန်ရွာကို စစ်တပ်မီးထပ်ရှို့လို့ ရွာလုံးကျွတ်နီးပါး မီးထဲပါ

ဇန်ဝါရီ၊ ၁၅
 
စစ်တွေမြို့နဲ့ ငါးမိုင်လောက်အကွာမှာ တည်ရှိတဲ့ တောကန်ရွာထဲကို စစ်ကောင်စီတပ်သားတွေက ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
အင်အား ငါးဆယ်ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတခုဟာ မနက်ကိုးနာရီဝန်းကျင်လောက်မှာ တောကန်ရွာထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ နေအိမ်တွေကို ဓါတ်ဆီလောင်း မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
 
” အရင်ဆုံး ဒရုန်းနဲ့ ရွာထဲကို လာချတယ်။ ပြီးရင် စစ်ကြောင်းက ပစ်ပြီးတော့ ဝင်လာတာ။ မီးရှို့တာ တရွာလုံးကုန်တော့မယ်။ အခုထိ မီးခိုးတွေ မြင်နေရသေးတယ် ” လို့ တောကန်ရွာအနီးမှ ဒေသခံတဦးက DNA နေ့လယ်တနာရီဝန်းကျင်မှာ ပြောပါတယ်။
 
စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ တတိယပတ်ကလည်း တောကန်ရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး နေအိမ်နဲ့ အဆောင်တချို့ကို မီးရှို့ကာ ရွာသားတွေပိုင်တဲ့ စပါးနဲ့ ဆန်အိတ်တထောင်ကျော်ကိုလည်း သိမ်းယူသွားခဲ့ကြပါသေးတယ်။
 
နေအိမ်တရာကျော်၊ လူဦးရေတထောင်ဝန်းကျင်ရှိတဲ့ တောကန်ရွာမှာ စစ်ကောင်စီတပ်က မီးရှို့လို့ လူနေအိမ် တရာနီးပါးအထိ ပျက်စီးသွားပြီလို့ ဒေသခံတွေက ပြောကြပါတယ်။
 
“ရွာက လူတွေက အရင်ကတည်းက ပြေးနေရတာ။ ရွာစောင့်နည်းနည်း ကျန်ခဲ့တာလည်း ဒီနေ့ ပြေးလာကြရတယ်။ အခုလည်း သူတို့(စစ်ကောင်စီတပ်သားတွေ) ချီလိုင်ဖင်း (ရွာ)ဘက် ထွက်သွားကြတယ်”လို့ အဆိုပါဒေသခံက ပြောပါတယ်။
 
စစ်ကောင်စီဟာ ရခိုင်ဒေသတိုက်ပွဲတွေစကတည်းက စစ်တွေမြို့တွင်း အဝင်အထွက်တွေကို ကန့်သတ်ခဲ့ပြီး မြို့အနီးဝန်းကျင်ပတ်လည်လူနေကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်တာ၊ ဖမ်းဆီးတာ၊ မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်နေခဲ့တာကြောင့် သောင်းချီတဲ့ဒေသတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။
 
“စစ်တပ်က ရွာတွေမှာ လူတွေ တယောက်မှ နေလို့မရအောင် လုပ်နေကြတာ။ မီးရှို့မယ်။လက်နက်ကြီးပစ်မယ်လို့လည်း ခြိမ်းခြောက်ထားတယ်လေ”လို့ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေကြရတဲ့ စစ်တွေမြို့နယ် ချောင်းနွယ်ရွာမှ အမျိုးသမီးတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်ကလည်း စစ်တွေမြို့နဲ့ လေးမိုင်ဝန်းကျင်အကွာ၊ စစ်ကောင်စီရေတပ်စခန်းအနီးမှာရှိတဲ့ ခမောင်းတောနဲ့ ရဲရိုးပြင်ရွာတို့ကို ဝင်ရောက်မီးရှို့ခဲ့ပြီး နေအိမ်တရာကျော် ပျက်စီးခဲ့ရကာ ရွာသားတွေအားလုံးလည်း တိမ်းရှောင်နေကြရပါတယ်။
 
ဒါ့အပြင် အခု ဇန်နဝါရီ ၁၁ ရက်ကလည်း ပေါက်တောမြို့နယ် ၊တောင်းဖူးရွာထဲကို ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ငါးဆယ်ကျော် မီးလောင်ဆုံးရှုံးခဲ့ရသလို ရွာသားတဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
 
စစ်ကောင်စီတပ်ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲနောက်ပိုင်း ပုဏ္ဏာကျွန်းမြို့မစျေး၊ မင်းပြားမြို့မစျေး၊ မင်းပြားမြို့ပေါ် နေအိမ်တွေ၊ ပေါက်တောမြို့မစျေး၊ ပေါက်တောမြို့ပေါ်နေအိမ်တွေနဲ့ ပေါက်တောမြို့နယ်၊ မနော်သီရီကျေးရွာတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဆိုင်ခန်းပေါင်း တထောင်ကျော်နဲ့ နေအိမ်ရာချီအထိ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောထားကြပါတယ်။
 
ရခိုင်ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့၊ တပ်ရင်း၊ တပ်မတွေကို နေ့ရက်အလိုက် ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ စနစ်တကျ သေချာစွာ မှတ်တမ်းတင်ထားပြီး အမြန်ဆုံးလက်တုံ့ပြန်သွားမယ်လို့ ရက္ခိုင့်တပ်တော်(AA)က သတိပေး၊ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Social Media (ပုံဟောင်း)
ပုံစာ – စစ်ကောင်စီတပ်က ရခိုင်ပြည်နယ် စစ်တွေမြို့ တောကန်ကျေးရွာကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ တတိယပတ်က မီးရှို့ဖျက်စီးခဲ့စဥ်