ဓာတုလက်နက်သုံးတယ်ဆိုတဲ့ TNLA စွပ်စွဲချက် စစ်ကောင်စီတုံ့ပြန်

နိုဝင်ဘာ၊ ၂၀
 
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတချို့မှာ စစ်ကောင်စီတပ်က ဓာတုဗေဒအဆိပ်ငွေ့ဗုံး သုံးတယ်ဆိုတဲ့ တအာင်းတပ် (TNLA) ရဲ့စွပ်စွဲပြောဆိုချက်ကို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့ညပိုင်းက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
 
စစ်ကောင်စီတပ်ဟာ ဒီလ ၄ ရက်က လားရှိုးမြို့နယ်၊ မိုင်းကျက်စခန်းကို TNLA က တိုက်ခိုက်စဉ်နဲ့ ၁၈ ရက်က နမ့်ခမ်းမြို့အနီး စခန်းကုန်းသိမ်းတိုက်ပွဲမှာ ဓာတုဗေဒအဆိပ်ငွေ့ဗုံး အသုံးပြုခဲ့တယ်လို့ မနေ့က စွပ်စွဲထုတ်ပြန်ထားပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူပေးဖို့လည်း တောင်းဆိုထားပါတယ်။
 
ဒီိလိုစွပ်စွဲပြောဆိုတာဟာ နမ့်ခမ်းက ကာကင်းကုန်းကို လာရောက်တိုက်ခိုက်တဲ့ TNLA တပ်တွေ အကျအဆုံးများတဲ့အတွက် အခုလို ပြောဆိုလာတာလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝါဒဖြန့်မီဒီယာတချို့မှာ ပြောဆိုထားတာပါ။
 
” ထုံးစံအတိုင်းပါပဲ။ သူတို့အကျအဆုံးရှိပြီဆိုရင် အရင်တုန်းက သုံးနေကျအတိုင်းပဲ အသံထွက်လာပါတယ်။ အဆိပ်ဓာတ်ငွေနဲ့ တိုက်ခိုက်တယ်ဆိုတာမျိုးတွေ ပြောလာကြတာကို တွေ့ရပါတယ် ” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
 
ဒါပေမယ့် စစ်ကောင်စီတပ်အနေနဲ့ ဓာတုဗေဒအဆိပ်ငွေ့ဗုံး သုံး၊ မသုံး တိတိကျကျငြင်းဆိုတာ မတွေ့ရပါဘူး။
 
စစ်ကောင်စီတပ်ရဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုကြောင့် ရဲဘော်တချို့ဟာ ပုံစံတူ အဆိပ်သင့်ပြီး ခန္ဓာကိုယ်မှာ ထိရှဒဏ်ရာ တစုံတရာ မရရှိဘဲ မူးဝေတာ၊ အသက်ရှုမြန်ဆန်တာ၊ မအီမသာခံစားရတာ၊ စိတ်လှုပ်ရှားမြန်ဆန်တာ၊ မောပန်းတာ၊ အောက်စီဂျင်ကျတာကို ပြင်းထန်စွာ ခံစားနေကြရတယ်လို့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။
 
အဲဒီ ရဲဘော်တွေကိုတော့ TNLA ကျန်းမာရေးဌာနက ဆေးဝါးကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ TNLA တပ်ဖွဲ့တာဝန်ရှိသူတွေကို DNA အနေနဲ့ အသေးစိတ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
 
ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာပြည်သူလူထုကို ဝိုင်းဝန်းစောင့်ရှောက်ပေးဖို့နဲ့ စစ်ရာဇဝတ်မှု၊ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးနိုင်ဖို့TNLAက တောင်းဆိုထားပါတယ်။
 
မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ဓာတုလက်နက်တွေ ထုတ်လုပ်၊ သိုလှောင်၊ အသုံးပြုတာကို တားမြစ်တဲ့ သဘောတူစာချုပ် CWC ကို ၂၀၁၅ ခုနှစ်မှာ ပါဝင်လက်မှတ်ရေးထားထားတဲ့ ၁၉၁ နိုင်ငံမြောက် နိုင်ငံဖြစ်ပါတယ်။
 
၁၉၈ဝ ပြည့်နှစ်ဝန်းကျင် လောက်ကတည်းက နိုင်ငံထဲမှာ ဓာတုလက်နက်တွေ သိုလှောင်ထားတာ ဖြစ်နိုင်ခြေရှိတယ်လို့ အမေရိကန်အစိုးရရဲ့အကြီးတန်းအရာရှိက သောမတ်ဒီနန်းနိုက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက စွပ်စွဲပြောဆိုဖူးပါတယ်။
 
အဲဒီတုန်းက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း (အခု ဗိုလ်ချုပ်ဇော်မင်းထွန်း) ကတော့ ဓာတုဗေဒ ပစ္စည်းတွေ သိုလှောင်ထားလည်း မရှိသလို ထုတ်လုပ်ဖို့လည်း မရှိကြောင်းနဲ့ အသုံးပြုတာလည်း မရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုခဲ့ပါတယ်။
 
ဓာတ်ပုံ – TNLA