မြို့တွေထိ တိုက်ပွဲတွေ ကူးစက်လာပြီး စစ်ရှောင် ဦးရေ မြင့်တက်လာတာကို ကုလသမဂ္ဂ သတိပေး

နိုဝင်ဘာ၊ ၂၀

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ မြို့ပြ ဧရိယာတွေထိ ကူးစက်လာခြင်းနဲ့အတူ စစ်ရှောင် ဒုက္ခသည်ဦးရေ မြန်မြန်ဆန်ဆန် မြင့်တက်လာနေကြောင်း ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံ အရှေ့ပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတွေမှာ မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့က အာဏာသိမ်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ပြီး နယ်စပ်မြို့ တချို့ကို သိမ်းပိုက်နေသလို နိုင်ငံ အနောက်ပိုင်းက ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာလည်း ခုခံစစ်ပွဲတွေ အရှိန်မြင့်လာနေပါတယ်။

 အောက်တိုဘာ ၂၇ ရက်တုန်းက ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ညီနောင် မဟာမိတ် သုံးဖွဲ့က အချိတ်အဆက်မိမိ ဆင်နွှဲတဲ့ အော်ပရေးရှင်း ၁၀၂၇ စစ်ဆင်ရေးကြီးကို အစပြုခဲ့တဲ့နောက်ပိုင်း ပြည်တွင်းစစ်က ပိုမို ပြင်းထန်လာတဲ့အပြင် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ဦးရေ ၂ သိန်းကျော် တိုးပွားလာတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာမှုရေးရာ ညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း နိုင်ငံအနှံ့မှာ စစ်ပွဲတွေကြောင့် အရပ်သား ၇၀ ထက်မနည်း သေဆုံးပြီး ၉၀ ကျော် ဒဏ်ရာရခဲ့တယ်ဆိုတဲ့ အချက်အလက်တွေ စုဆောင်း ရရှိထားတယ်လို့လည်း UNOCHAက ဆိုပါတယ်။

 UNOCHAရဲ့ အဆိုအရ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း နေရပ်စွန့်ခွာရတဲ့ စစ်ရှောင် ဦးရေဟာ ၂ သန်းလောက်ထိ များပြားလာတယ်လို့လည်း သိရပါတယ်။ စစ်မက်ဖြစ်ပွားရာ နယ်မြေတွေက အရေးပါတဲ့ ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်းတွေကို အာဏာသိမ်း စစ်တပ်ကရော၊ တော်လှန်ရေး အင်အားစုတွေကပါ ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေ ပိုမို ခက်ခဲ ကျပ်တည်းနေကြောင်းလည်း UNOCHAက ဆိုပါတယ်။ နောက်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ တချို့မှာလည်း တိုက်ပွဲတွေကို အကြောင်းပြုပြီး ဆက်သွယ်ရေး ကွန်ရက် ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဂျရမီ လောရန့်စ်က မြန်မာနိုင်ငံမှာ စစ်သား အရေအတွက် ရာဂဏန်းထိ လက်နက်ချ အညံ့ခံနေတယ်ဆိုတဲ့ သတင်းတွေကို အနီးကပ် လေ့လာ စောင့်ကြည့်နေကြောင်း ပြောပါတယ်။ ဖမ်းဆီးရမိထားသူတွေကို လူသားဆန်စွာ ကိုင်တွယ် ဆက်ဆံရေးဟာ အရမ်း အရေးကြီးတယ်လို့လည်း သူက မှတ်ချက် ပေးခဲ့ပါတယ်။ မြန်မာစစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်သား တဦးချင်းစီနဲ့ အလုံးစုံ သက်ဆိုင်နေတာ မဟုတ်ကြောင်း လောရန့်စ်က မှတ်ချက် ပေးခဲ့ပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ကလည်း မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပိုမို ဆိုးရွားလာတာကို အလေးအနက် စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ဆက်နွှယ်ပါဝင်တဲ့ အဖွဲ့အစည်းတိုင်းက နိုင်ငံတကာ လူသားချင်း စာနာမှု ဥပဒေတွေကို လေးစားလိုက်နာဖို့၊ အရပ်သား ပြည်သူတွေကို အစွမ်းကုန် အကာအကွယ်ပေးဖို့ တိုက်တွန်း တောင်းဆိုထားခဲ့ပါတယ်။

 

Ref: UN