နမ့်ဆန်မှာ စစ်ကောင်စီက လူနေရွာထဲ ပေါင်ငါးရာဗုံးကြဲလို့ အရပ်သားနှစ်ဦးသေဆုံး

နိုဝင်ဘာ၊ ၂၀
 
ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာမှာ စစ်ကောင်စီက မနေ့ညက တိုက်လေယာဉ်နဲ့ ဗုံးကြဲချလို့ အရပ်သားနှစ်ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ TWO ကပြောပါတယ်။
 
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားတဦးနဲ့ ကလေးတဦး သေဆုံးခဲ့ပြီး အမျိုးသမီး ခြောက်ဦးနဲ့ အမျိုးသား နှစ်ဦး ဒဏ်ရာရကာ နှစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က ပြောပါတယ်။
 
စစ်ကောင်စီက မနေ့ည ၁၀နာရီဝန်းကျင်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ချိန် အဲဒီအနီးတဝိုက်မှာ တိုက်ပွဲဖြစ်နေတာ မရှိဘူးလို့လည်း ဆိုထားပါတယ်။
 
ရှမ်းမြောက်ဒေသတွင်းမှာ စစ်ကောင်စီနဲ့ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ နေ့စဉ်စစ်ရေးသတင်းထုတ်ပြန်ချက်တွေအရ လတ်တလော တပတ်လောက်အတွင်း နမ့်ဆန်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ခဲ့ကြောင်း မှတ်တမ်းမတွေ့ရပါဘူး။
 
ဒါပေမယ့် နမ့်ဆန်မြို့နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကျောက်မဲ မြို့နယ်အတွင်းမှာတော့ TNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်နေတာ ရှိပါတယ်။
 
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကလည်း အဲဒီဗုံးကြဲတိုက်ခိုက်မှုဟာ လူနေရွာထဲ ပေါင်ငါးရာဗုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပြီး မြို့သစ်ကျေးရွာနေ တားဆန်းနော်ဆိုသူရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတဦးအပါအဝင် နှစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
စစ်ကောင်စီဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာလည်း နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာကို လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်နေပြီး နေ့လယ် တနာရီအထိ စုစုပေါင်း လက်နက်ကြီး ၁၂ လုံး ပစ်ခတ်ခဲ့ပြီးပြီလို့ TNLA က ဆက်လက်ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ပြာကျခဲ့ပြီး နောက်ထပ် ၂၃ လုံးကတော့ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ TWOက ဒေသခံတွေကို ကိုးကားပြီး အသိပေးထားပါတယ်။
 
“ အခုလောလောဆယ်က ရွာသားတွေက ရွာထဲမရှိကြတော့ဘူး၊ ကြောက်လို့ လက်ဖက်ခြံထဲမှာ ပြေးကုန်ပြီ၊ ဖုန်းလိုင်းလည်း အစောပိုင်းတုန်းကရတာ၊ အခုက ဆက်သွယ်လို့ မရနိုင်တော့ဘူး ” လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံရဲ့ ပြောဆိုချက်ကို တအာင်းအမျိုးသမီးအဖွဲ့က ပြန်လည်ဖော်ပြထားပါတယ်။
 
အလားတူ မူဆယ်မြို့နယ်မှာလည်း မနေ့က မနက် ၁၁ နာရီခွဲဝန်းကျင်က မူဆယ် ၁၀၅ မိုင်က စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် အထက်နမ့်ဟွယ်ကျေးရွာထဲ လက်နက်ကြီးကျပြီး ဒေသခံ သက်ကြီးအမျိုးသား နှစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာတွေ ရခဲ့ပါသေးတယ်။
 
တအာင်းဒေသတွင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြား စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကြောင့် အရပ်သား လေးဆယ်ဦး သေဆုံးခဲ့ပြီး ၅၈ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ဆိုထားပါတယ်။
 
ဓာတ်ပုံ – TWO