နမ့်ခမ်းမြို့အနီးမှာ တိုက်ပွဲဆက်ဖြစ်နေပြီး မြို့ထဲလက်နက်ကြီးကျလို့ နေအိမ်တချို့ပျက်စီး

နို၀င်ဘာ ၊ ၁၈

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း မြို့အနီးမှာ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီး မြို့တွင်းကိုလည်း လက်နက်ကြီးကျည်တချို့ကျ ရောက်ပေါက်ကွဲလို့ နေအိမ်နှစ်လုံး ပျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တဦးက ပြောပါတယ်။

“လူကတော့အိမ်မှာမရှိကြတော့ မထိခိုက်တာ“ လို့ သူကဆိုပါတယ်။TNLA တပ်ဖွဲ့ဟာ နမ့်ခမ်းမြို့ကို အခုလပထမပတ်ကတည်းက သိမ်းပိုက်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးက စစ် ကောင်စီစခန်းသစ်ကုန်းကိုဆက်လက်တိုက်ခိုက်နေရဆဲဖြစ်သလို မြို့တောင်ဘက် ရွှေလီမြစ်အနီးက မန်တပ်ရွာ မှာလည်း စစ်ကောင်စီရဲ့ ခလရ-၁၄၄ တပ်စခန်းရှိနေပါသေးတယ်။

နမ့်ခမ်းမြို့ကို ထိန်းချုပ်ပြီးကတည်းက TNLA တပ်ဖွဲ့ဟာ နမ့်ခမ်းမြို့တောင်ဘက်အထွက် အနီးမှာရှိတဲ့  စစ် ကောင်စီရဲ့ စခန်းသစ်ကုန်းကို ဆက်လက်သိမ်းပိုက်ဖို့ကြိုးစားနေတာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ် နေ တာပါ။

အဲ့ဒီစခန်းကို မနေ့က မနက်ခြောက်နာရီကနေ ညပိုင်းအထိ တိုက်ခိုက်ခဲ့ရာမှာ နမ့်ခမ်း၊မန်တပ်စခန်းနဲ့ နမ့်ဖတ် ကာတို့ကနေ စစ်ကောင်စီက လက်နက်ကြီး ၂၅ကြိမ်ထက်မနည်းပစ်ခတ်ခဲ့သလို ဒီကနေ့မနက်ပိုင်းမှာလည်း ဂျက် ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်၊မန်တပ်စခန်းကနေ လက်နက်ကြီးခြောက်လုံးပစ်ခတ်ခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်တွေဟာ နမ့်ခမ်းမြို့တွင်းက အောင်ချမ်းသာရပ်ကွက်ထဲကျ ရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်နှစ်လုံးပျက်စီးခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နမ့်ခမ်းမြို့ကို TNLA တပ်က စတင်ထိုးစစ်ဆင်ချိန်ကရော၊သိမ်းပိုက်ထိန်းချုပ်ပြီးနောက်မှာပါ နှစ်ဖက်တိုက်ပွဲ တွေအတွင်း မြို့ထဲကိုလက်နက်ကြီးကျည်ကျတာ၊လေကြောင်းက တိုက်ခိုက်ခံရတာတွေရှိနေပြီးအ ရပ်သား ထိခိုက်မှုနဲ့ အဆောက်အအုံပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ရက်ညပိုင်းကလည်း စစ်ကောင်စီစခန်းသစ်ကုန်းကနေ နမ့်ခမ်းမြို့တွင်းရဲစခန်းနဲ့ စာရေးတန်း ရပ်ကွက်၊ ပတ္တမြားခန်းမဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့် ပတ္တမြားခန်းမမီးလောင် ပျက်စီးခဲ့သလို နိုဝင်ဘာ ၁၁ရက်ကလည်း အလားတူလက်နက်ကြီးပစ်ခတ်မှုကြောင့် သာယာကုန်းရပ်ကွက်ထဲက နေအိမ်သုံးလုံး မီးလောင်ခဲ့သေးတယ်လို့ TNLA က နိုဝင်ဘာ ၁၃ရက်မှာထုတ်ပြန်ထားပါတယ်။

နမ့်ခမ်းမြို့အနီး ဒီကနေ့ တိုက်ပွဲအခြေအနေနဲ့ စစ်ကောင်စီဘက်က လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှု တွေ ကြောင့် ထိခိုက်မှုအခြေအနေတွေနဲ့ ပတ်သက်လို့ တအာင်းတပ် သတင်းပြန်ကြားရေးတာဝန်ရှိသူတွေကို DNA ကဆက်သွယ်မေးမြန်းပေမယ့်အဆက်အသွယ်မရသေးပါဘူး။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ရှမ်းမြောက်ထိုးစစ်အတွင်း တအာင်းတပ်(TNLA)အနေနဲ့ အဓိကလှုပ်ရှားနေတဲ့ နောင် ချို၊ လားရှိုး၊ သိန္နီ၊ ကျောက်မဲ၊ မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ စခန်းပေါင်း ၄၀ ကျော်ကို သိမ်းပိုက်ရရှိထားတယ်လို့ TNLA သတင်းပြန်ကြားရေးရုံး တာ၀န်ခံက DNA ကို ပြောထားပါတယ်။

ဒါ့အပြင် လက်ရှိလည်း နမ့်ခမ်းမြို့နဲ့ မန်တုံမြို့ကို အလုံးစုံ သိမ်းပိုက်ထားပြီး အုပ်ချူပ်ရေး ယန္တရားတွေ စတင် လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ TNLA သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြီးခဲ့တဲ့ရက်ပိုင်းက ပြော ထားပါတယ်။ 

ဒီအတောအတွင်း “၁၀၂၇”စစ်ဆင်ရေးဟာ နေ့စဉ်နဲ့အမျှ အရှိန်မြင့်တက်နေတာကြောင့် လက်နက်ကြီးနဲ့လေကြောင်းတိုက် ခိုက်မှုအန္တရာယ်ကိုသတိပြုဖို့၊မလိုအပ်ဘဲ ခရီးသွားတာ၊နေအိမ်ပြင်ပထွက်တာတွေမလုပ်ဖို့၊အရေးပေါ်ရိက္ခာနဲ့ဆေးဝါးတွေစု ဆောင်းထားဖို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)က မနေ့က ထုတ်ပြန်တိုက်တွန်းထားပါတယ်။