ခွေးသားစားမှုကို ဥပဒေကြောင်းအရ ပိတ်ပင်ဖို့ စီစဉ်နေကြောင်း တောင်ကိုရီးယား အစိုးရဆို

နိုဝင်ဘာ၊ ၁၈

ခွေးသားစားမှုကို အပြည့်အဝ တားဆီး ပိတ်ပင်သွားဖို့ စီစဉ်နေကြောင်း တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။

 ကိုရီးယား ရှေးရိုး လူ့အဖွဲ့အစည်းမှာ ခွေးသားစားတာဟာ ပုံမှန် အခြေအနေ တခုလို့ သတ်မှတ်နိုင်ပြီး မျက်မှောက်ခေတ်မှာတော့ အငြင်းပွားစရာ အလေ့အထ တခု ဖြစ်လာခဲ့ပါတယ်။ တိရစ္ဆာန် အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေကလည်း ခွေးသားစားမှု တိုက်ဖျက်ရေးအတွက် ပိုပြီး ပြင်းပြင်းထန်ထန် ဖိအားပေး တောင်းဆိုလာနေကြပါတယ်။

 နိုဝင်ဘာ ၁၇ ရက်မှာတော့ တောင်ကိုရီးယား အာဏာရ ပါတီရဲ့ မူဝါဒရေးရာ အကြီးအကဲ ပြည်တွင်းမှာ ခွေးသားစားမှုကို ဥပဒေနဲ့ တားမြစ်နိုင်အောင် စတင် စီမံ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ အခုနှစ်ပိုင်းတွေအတွင်း တောင်ကိုရီးယားမှာ၊ အထူးသဖြင့် လူငယ်ပိုင်းတွေဟာ ခွေးသားစားမှုကို ပိတ်ပင်ဖို့ ပိုပြီး အပူတပြင်း တောင်းဆိုလာနေပါတယ်။

 ခွေးသား စားသင့်၊ မစားသင့် ဆိုတာက လူမှုရေး အမြင် ရှုပ်ထွေးတာတွေနဲ့ အငြင်းပွားမှုတွေ အများကြီး ဖြစ်နေစေကြောင်း၊ ဒါတွေကို အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ယူဆတဲ့အတွက် အထူးအက်ဥပဒေတရပ် တင်သွင်းဖို့ ပြင်ဆင်နေကြောင်း အာဏာရ ပြည်သူ့စွမ်းအား ပါတီရဲ့ မူဝါဒ ရေးရာ အကြီးအကဲ ယူအူဒေါင်က အစိုးရ အရာရှိတွေ၊ တိရစ္ဆာန် အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေး တခုမှာ ပြောကြားသွားပါတယ်။

 ခွေးသားစားမှုကို ပိတ်ပင်တဲ့ ဥပဒေ မူကြမ်းကို အခုနှစ်မှာပဲ အစိုးရက တင်သွင်းလာဖွယ် ရှိတယ်လို့လည်း ယူက ဆိုပါတယ်။ အဲဒီ ဥပဒေကို အများစုက ထောက်ခံ မဲပေးကြဖို့ မျှော်လင့်ကြောင်းလည်း သူက ဆက်ပြောပါတယ်။ တချိန်တည်းမှာပဲ စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာနကလည်း အစိုးရဟာ ခွေးသားပေါ် ရောင်းချတဲ့ လုပ်ငန်းတွေ အမြန်ဆုံး ပိတ်သိမ်းရေးအတွက်လည်း အစွမ်းရှိသမျှ ဖိအားပေး လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

 တောင်ကိုရီးယား သမ္မတကတော် ကင်ကွန်ဟီးဟာ ပြည်တွင်းမှာ ခွေးသားစားမှုကို အပြင်းထန်ဆုံး ကန့်ကွက်သူတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ခင်ပွန်းဖြစ်တဲ့ သမ္မတ ယွန်ဆွတ်ယိုကလည်း ခွေးချစ်သူ တဦးဖြစ်ပြီး လေလွင့်ခွေး တချို့ကို မွေးစားထားပါတယ်။

 တောင်ကိုရီးယားမှာ ခွေးသားစားမှု ပိတ်ပင်ရေး ဥပဒေ မူကြမ်းကို အရင်တုန်းကလည်း တင်သွင်းဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းမှာတော့ ခွေးသားစားမှုကို ဆန့်ကျင်တဲ့ အမြင်တွေ သိသိသာသာ အားကောင်းလာတာကြောင့် အစိုးရက ဥပဒေ ပြဋ္ဌာန်း အတည်ပြုနိုင်ဖို့ အားထုတ်လာတာ ဖြစ်ပါတယ်။