ဆားလင်းကြီးနယ် ကျားတက်ရဲစခန်းတိုက်ပွဲမှာ စခန်းမှူးကျပြီးနောက် ရဲတွေနဲ့စစ်သားတွေ ထွက်ပြေး

နိုဝင်ဘာ၊ ၁၇
 
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ် ပုလဲ၊ ဆားလင်းကြီးနဲ့ မြိုင်မြို့နယ်တွေ ထိစပ်ဒေသမှာရှိတဲ့ ကျားတက်ရွာ ရဲစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စခန်းမှူးနဲ့ ရဲတချို့သေဆုံးခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာကြောင့် စခန်းကို ထိန်းချုပ်လိုက်တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
 
အဲဒီရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သုံးရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းမှာ စစ်ကောင်စီဘက်က အင်အားရှစ်ဆယ်ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။
 
“ သုံးရက်ဆက်တိုက် ဝိုင်းပြီးတော့ ပိတ်ဆို့တိုက်ခိုက်တာ ” လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုစစ်ငြိမ်းက ပြောပါတယ်။
 
နှစ်ဖက်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေလည်း လက်ရှိမှာ ရွာတွေထဲ ပြန်လည်ဝင်ရောက်နေကြပြီလို့ သူက ပြောပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်က ကျားတက်ရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတချို့ ရွာထဲဝင်ရောက်ချိန် တော်လှန်ရေးအင်အားစုတွေက ကင်းပုန်းဝပ် တိုက်ခိုက်ခဲ့တာကြောင့် စခန်းမှူး ရဲနိုင်လင်း အပါအဝင် ရဲလေးဦးနဲ့ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ပြီး သေနတ်လေးလက်နဲ့ လက်ပစ်ဗုံးတလုံး၊ အီနာဂါတခု သိမ်းဆည်းရမိတယ်လို့ Sarlingyi Special Task Force က ထုတ်ပြန်ထားပါတယ်။
 
စခန်းမှူး သေဆုံးပြီးနောက် သုံးရက်အကြာ နိုဝင်ဘာ ၁၅ ရက်နေ့လယ်ပိုင်းမှာတော့ အဲဒီရဲစခန်းက စစ်သားနဲ့ရဲတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတာကြောင့် မနေ့ကစပြီး တော်လှန်ရေး အင်အားစုတွေက အဲဒီရဲစခန်းကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။
 
အဲဒီတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က တပ်ခွဲမှူးတဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး ‌ဒေသခံ အမျိုးသမီးတဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျားတက်ရဲစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကတော့ ပုလဲမြို့ပေါ်မှာ ရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ သွားရောက်ပူးပေါင်းနေတယ်လို့ ကိုစစ်ငြိမ်းက ပြောပါတယ်။
 
ကျားတက်ရွာဟာ ဆားလင်းကြီးမြို့နဲ့ ၁၅ မိုင်ဝန်းကျင်ဝေးပြီး ပုလဲမြို့နဲ့ ခုနစ်မိုင်ကျော်သာ ဝေးပါတယ်။
 
ကျားတက်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေ သိမ်းဆည်းထားတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ဒေသခံတွေလက်ထဲ ပြန်ပေးလိုက်ပြီလို့ ဆိုပါတယ်။
 
တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းရာ မြို့နယ်သုံးခု ထိစပ်ဒေသမှာ ရှိနေတဲ့ ကျားတက်ရဲစခန်းဟာ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိပြီး အခုတိုက်ပွဲ မတိုင်မီ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကလည်း အဲ့ဒီရဲစခန်းကို ပြည်သူကာကွယ်ရေးတပ်တွေက ပြောက်ကျား တိုက်ခိုက်လို့ စစ်သားနဲ့ ရဲ သုံးဦးသေဆုံးခဲ့ပြီး သေနတ်နှစ် လက်သိမ်းဆည်းရမိခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – Sarlingyi Special Task Force