ဟားမားစ်တွေကို အစွမ်းကုန် အကူအညီပေးမယ်လို့ အီရန် ကွက်ဒ်စ် အထူးတပ်ဖွဲ့ အကြီးအကဲပြော

နိုဝင်ဘာ၊ ၁၇

ဂါဇာ စစ်ပွဲမှာ ဟားမားစ်တွေကို အကူအညီ ပေးနိုင်ဖို့ အီရန်ဟာ ဖြစ်နိုင်သမျှ နည်းလမ်း အားလုံးနဲ့ ကြိုးစားသွားမယ်လို့ အီရန် တော်လှန်ရေး အစောင့်တပ်ရဲ့ ကွက်ဒ်စ် အထူးတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

ကွက်ဒ်စ်ဟာ အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် အင်အားစုဖြစ်တဲ့ တော်လှန်ရေး အစောင့်တပ်ရဲ့ လက်ရွေးစင် အစုအဖွဲ့လို့ ဆိုနိုင်ပြီး အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီရဲ့ တိုက်ရိုက် ထိန်းချုပ်မှု အောက်မှာ ရှိနေပါတယ်။

ကွက်ဒ်စ်ရဲ့ ခေါင်းဆောင် အက်စ်မေးလ် ကွာနီက ဟားမားစ်ရဲ့ စစ်ခေါင်းဆောင်ဆီ ရေးသားပေးပို့တဲ့ စာတစောင်ကို အီရန် အစိုးရ မီဒီယာတွေက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့အခါ လက်ရှိ ဟားမားစ်က ဆင်နွှဲနေတဲ့ သမိုင်းဝင် စစ်ပွဲကြီးမှာ အီရန် အနေနဲ့ အစွမ်းရှိသမျှ ပံ့ပိုး ကူညီသွားမယ်လို့ ကတိပြုထားတာ တွေ့ရပါတယ်။

ဟားမားစ်ဟာ အစ္စရေးနဲ့ အနောက်နိုင်ငံတွေကို ဆန့်ကျင်ဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတချို့မှာ အီရန်က ကျောထောက်နောက်ခံ ပေးနေတဲ့ လက်နက်ကိုင် အင်အားစုတွေထဲက တခုပါ။

အောက်တိုဘာ ၇ ရက်မှာ ဟားမားစ်တွေက အစ္စရေး နယ်စပ်ကို ဖြတ်ကျော်ပြီး ကျူးကျော် တိုက်ခိုက်ခဲ့တာကို အစ္စရေးက လွန်လွန်ကဲကဲ လက်တုံ့ပြန်ခဲ့တဲ့နောက် ဂါဇာ ကမ်းမြှောင်ဒေသမှာ သွေးချောင်းစီး စစ်ပွဲကြီး အစပြုလာခဲ့တာ ဖြစ်ပါတယ်။ 

ကွာနီ ရေးသားထားတဲ့ စာထဲမှာတော့ ဟားမားစ်တွေနဲ့အတူ ညီနောင် ခုခံရေး ဝင်ရိုးတန်း အဖွဲ့ကလည်း တသားတည်း ရပ်တည်မှာဖြစ်ကြောင်း၊ ဂါဇာနဲ့ ပါလက်စတိုင်းမှာ ရန်သူရဲ့ ညစ်ညမ်းတဲ့ ရည်မှန်းချက်တွေ ဘယ်တော့မှ အထမမြောက်အောင် ​ဝိုင်းဝန်း တားဆီးသွားမှာ ဖြစ်ကြောင်းလည်း ပါရှိပါတယ်။

ခုခံရေး ဝင်ရိုးတန်း ဆိုတာဟာ အီရန်က ဦးဆောင်ပြီး စုဖွဲ့ပေးထားတဲ့ ဟားမားစ်၊ ပါလက်စတိုင်း ဂျီဟတ်နဲ့ ဟက်ဇ်ဘိုလာတို့လို လက်နက်ကိုင် အဖွဲ့အစည်းတွေကို ရည်ညွှန်းတာပါ။

လောလောဆယ်တော့ အစ္စရေးဟာ နိုင်ငံတောင်ပိုင်းက ဂါဇာမှာ ဟားမားစ်၊ ပါလက်စတိုင်း ဂျီဟတ်တို့နဲ့ စစ်ခင်းနေသလို နိုင်ငံ မြောက်ပိုင်း၊ လက်ဘနွန်နဲ့ နယ်စပ်မှာလည်း ဟက်ဇ်ဘိုလာတွေနဲ့ အပြန်အလှန် ပစ်ခတ်ရင်း စစ်ရေး အခြေအနေ တင်းမာနေကြောင်း သိရပါတယ်။  

 

Ref: Time of Israel