နို၀င်ဘာ ၊ ၄
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နဲ့ ဆယ်မိုင်ဝန်းကျင်အကွာက စစ်ကောင်စီလက်အောက်ခံ သဖန်းဆိပ်ဆည်ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ မနေ့မနက်က စီးနင်းတိုက်ခိုက်တဲ့တိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် ရှစ်ဦးကျဆုံးသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်သူတဦးက အတည်ပြုပြောပါတယ်။
“စနိုက်ပါထိလို့ ကျရတာပါ၊တယောက်ထိတော့တခြားတယောက်က ဆွဲကူဖို့ အလုပ်မှာ ထိပီးကျတာတွေလည်းပါတယ်” ကျွန်းလှ၊ကန့်ဘလူ၊ကောလင်း ဒေသသတင်းတွေဖော်ပြနေတဲ့ Infinity Group က မြေပြင် စစ်ရေးသတင်းရင်းမြစ်ကို ကိုးကားပြီးဖော်ပြထားပါတယ်။
ကျွန်းလှမြို့နယ် ဆင်စွယ်ရွာအနီး သဖန်းဆိပ်ဆည်ရဲကင်းစခန်းမှာ အင်အား ၅၀ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်သား၊ ရဲ၊ ပျူစောထီးပူးပေါင်းအဖွဲ့ကို မနေ့က မနက်လေးနာရီလောက်ကစလို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
တိုက်ပွဲအတွင်း နေရာအသာစီးရယူထားတဲ့ စစ်ကောင်စီ စနိုက်ပါတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဘက်က အထိအခိုက်အကျအဆုံးများခဲ့တာ ဖြစ်တယ်လို့ သူကပြောပါတယ်။
“နောက်ဆုံး စနိုက်ပါဘန်ကာ တခုအကျန်မှာ စခန်းမသိမ်းနိုင်လိုက်တာ” လို့ အဲဒီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ PDF တပ်ဖွဲ့ဝင်ရှစ်ဦးဟာ ကန့်ဘလူခရိုင်PDF တပ်ရင်းတွေက တပ်ဖွဲ့ဝင်တွေဖြစ်ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကိုတော့ ပြန်သယ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ကန့်ဘလူမြို့ ၆၀၀၆ တင့်ကားတပ်ရင်းနဲ့ GTC ကျောင်း ဝင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတဲ့အပြင် Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ နာရီဝက်ကြာ လေကြောင်းပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲဟာ နမနက် လေးနာရီကနေ နေ့လယ် နှစ်နာရီလောက်အထိ နှစ်ဖက်စစ်ရေးပြင်းထန်ခဲ့ပြီး စစ်ကောင်စီ ဘက်ကလည်း အထိအခိုက်အကျဆုံးရှိပေမယ့် အရေအတွက်အတိအကျတော့မသိရပါဘူး။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်ကလေကြောင်း၊လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေအိမ် အဆောက်အအုံတွေ ပျက်စီးတာရှိသလို ဆင်စွယ် ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတချို့က ဒေသခံတွေ ရာနဲ့ချီဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ နှစ်ဖက်စစ်ရေးအခြေအနေ ငြိမ်သက်နေတာကြောင့် ဒေသခံတချို့ နေအိမ်ကို ပြန်လာကြဖို့ စီစဉ်နေကြပြီလို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အမှတ်(၁) စစ်ဒေသအတွင်းမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း၊ တမူး၊ ကလေး၊ ကလေးဝ၊ ကောလင်း၊ ဝန်းသို၊ ကျွန်းလှနဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအထိုင်စခန်းတွေ၊ ရဲစခန်းတွေကို မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ မနေ့ကတပြိုင်နက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။