တရက်အတွင်း တိုက်ခိုက်မှုခြောက်ဆယ်ကျော်တပြိုင်တည်းလုပ်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးပြော

နေပြည်တော်နဲ့ တိုင်းဒေသငါးခုမှာ (၂၄)နာရီအတွင်း စစ်ရေးပစ်မှတ် (၆၅)ခုကို တပြိုင်တည်း ဟန်ချက် ညီညီ တိုက်ခိုက်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က “PDF ရဲဘော်များ”သို့ ရေဒီယိုအစီအစဉ်ကနေ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း နေပြည်တော်နဲ့ ရန်ကုန်၊ပဲခူး၊မန္တလေး၊မကွေး၊စစ်ကိုင်းစတဲ့ တိုင်းဒေသငါးခုတို့က စစ်ရေးပစ်မှတ် (၇၀)ကျော်ကိုတိုက်ခိုက်ခဲ့ပြီး အဲ့ဒီအထဲက ၆၅ခုကို နှစ်ဆယ့်လေးနာရီအတွင်း တပြိုင်တည်း ဟန် ချက်ညီ တိုက်ခိုက်ခဲ့တာလို့ သူကဆိုပါတယ်။

အဲ့ဒီစစ်ဆင်မှုက ပစ်မှတ်တွေထဲ လေတပ်စခန်းနှစ်ခုနဲ့ ရဟတ်ယာဉ်ကွင်းတခု၊တပ်မဌာနချုပ်တခု၊စစ်ကောင်စီ အထိုင်နဲ့နောက်တန်းစခန်း၂၆)ခု၊ရဲစခန်းကိုးခု၊စစ်ကြောင်းနှစ်ခု၊ပျူစေထီးစခန်း(၁၅)ခုပါဝင်တယ်လို့ NUG ကာ ကွယ်ရေးဝန်ကြီးကပြောပါတယ်။

တိုင်းဒေသတွေမှာ အဲ့ဒီလို တိုက်ခိုက်နိုင်ခဲ့သလို ပြည်နယ်တွေမှာလည်း မဟာမိတ်တိုင်းရင်းသားတော်လှန် ရေးအ ဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေ လက်တွဲပြီး မြို့ပြစစ်ဆင်မှုနဲ့ စခန်းသိမ်းစစ်ဆင်မှုတွေ ဟန်ချက်ညီလုပ်ဆောင်နိုင် ခဲ့ တယ်လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီလို ဟန်ချက်ညီတိုက်ခိုက်မှုတွေ ဖော်ဆောင်နိုင်လာတာဟာ PDF တပ်မတော်ရဲ စစ်ရေးစွမ်းရည်နောက်တဆင့် တိုးတက်လာတာကို ဖော်ပြတဲ့ ပြယုဂ်ဖြစ်သလို Chain Of Command ပိုကောင်းအောင်တည်ဆောက်နိုင်မှု၊လက် နက်တိုးမြှင့်တပ်ဆင်နိုင်မှုတွေရဲ့ရလဒ်ဖြစ်တယ်လို့လည်း ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

အခုနှစ်မှာ အဆုံးအဖြတ် စစ်ဆင်ရေးတွေလုပ်မယ်လို့ ကြွေးကြော်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြီးခဲ့တဲ့ လပိုင်းတွေကစလို့ နိုင်ငံတဝန်းတော်လှန်ရေးအင်အားစုတွေဟန်ချက်ညီ တိုက်ခိုက်နိုင်ဖို့နဲ့ Chain Of Command ပိုမိုအားကောင်းလာဖို့ လုပ်ဆောင်နေတယ်လို့ ထုတ်ဖော်ပြောဆိုမှုတွေရှိထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့တဲ့ စစ်ဆင်မှုဟာ စစ်ကောင်စီကို စိတ်ပိုင်း၊ရုပ်ပိုင်း အထိနာစေသလို PDF တပ်မတော်ကိုလည်း အဆုံးအဖြတ်နဲ့အဆုံးသတ်တိုက်ပွဲတွေ ဆင်နွှဲဖို့ ယုံကြည်မှုပိုတိုးစေတယ်လို့ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်ကဆိုပါတယ်။

လာမယ့်ကာလတွေအတွင်း နိုင်ငံတဝန်းက စစ်ရေးပစ်မှတ်တွေကို ဟန်ချက်ညီတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ NUG တာဝန်ရှိသူတွေနဲ့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတချို့က DNA ကိုပြောထားပါတယ်။

စစ်ကောင်စီဘက်ကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ရက်ကစလို့ နိုင်ငံတဝန်းက မြို့နယ် လေးဆယ်ဝန်းကျင်ကို စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီး အဲ့ဒီအထဲက မြို့နယ်အများစုမှာ စစ်ကြောင်းထိုးမီးရှို့တာနဲ့ ဖမ်းဆီးအကျဉ်း ချ၊သတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။


Photo – Social Media