ပလက်ဝနယ် ဆမီးမြို့မှာ စစ်ကောင်စီနဲ့ CNA တပ်ဖွဲ့ တိုက်ပွဲဖြစ်

နို၀င်ဘာ ၊ ၄

ချင်းပြည်နယ် ပလက်၀မြို့နယ် ဆမီးမြို့​အနီးမှာ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားတပ်မတော်(CNA)တို့ ဒီက နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး ကျည်တချို့ လူနေရပ်ကွက်ထဲကျလို့ အရပ်သားအမျိုးသမီးတဦးဒဏ်ရာရသွား တယ် လို့ ပလက်ဝမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က DNAကိုပြောပါတယ်။

 “စကစတွေက ရှုံးမဲမဲပြီးမှ ပစ်လိုက်တာ၊ လသားကလေးမိခင်က ခါးမှာထိတယ်ဆိုတာကြားရတယ်”လို့ ပလက်၀ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောပါတယ်။

နှစ်ဖက် ပစ်ခတ်မှုတွေအတွင်း မြို့အဝင် ဘား၀ လူနေရပ်ကွက်ထဲ လက်နက်ငယ်ကျည်တချို့ကျရောက်ခဲ့တာလို့ သိရပါတယ်။

ဒီလိုလူနေရပ်ကွက်ထဲ ကျည်ဆန်ကျခဲ့တာဟာ တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာလို့ ဆလိုင်းမျိုးထိုက်ကဆိုပါတယ်။

 “တိုက်ပွဲဖြစ်တာက ဆမီးချောင်းရဲ့ ဟိုဘက်ခြမ်းတောင်ကုန်းပေါ်မှာပဲ ဖြစ်တာ၊အရင် လွန်ခဲ့တဲ့နှစ်မှာ ဖြစ်တုန်းက လည်း အဲလိုရွာထဲကို ပစ်တာရှိတယ်”လို့ သူကပြောပါတယ်။

 ကျည်ဆန်ထိမှန်ဒဏ်ရာရသွားတဲ့ အမျိုးသမီးဟာ ဆမီးဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

 ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောခွင့်ရ ဆလိုင်းထက်နီကတော့ ဆမီးမြို့အဝင် တောင်ကုန်းပေါ်မှာရှိတဲ့ စစ် ကောင်စီကင်းစခန်းကို CAN တပ်ဖွဲ့ ဝင်တွေက  ဒီကနေ့မနက် ခြောက်နာရီမှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိ နစ်နှစ်ဆယ်ခန့်ကြာ အဲဒီတိုက်ပွဲ အ တွင်း စစ်ကောင်စီဘက်က အသေအပျောက်တွေ ရှိခဲ့တယ်လို့ဆိုပါတယ်။

 “CNA တပ်စိပ်တစိပ်က ဆမီး စကစစခန်းကို လျှပ်တပြက် ဝင်တိုက်တာ၊ သေနတ်သုံးလက်ရပြီး ချက်ချင်းပြန် ဆုတ်တယ်၊ စခ(စစ်ကောင်စီ)ဖက် အသေအပျောက်ရှိပေမယ့် အရေအတွက် မသိပါ”လို့ သူက DNA ကို ပြောပါ တယ်။

ဆမီးဒေသခံတွေကတော့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတဦး သေပြီး နောက်တဦး အပြင်းအထန်ဒဏ်ရာရ သွားတယ်လို့ ကြားရကြောင်း ပြောကြပါတယ်။

ဆမီးမြို့ဟာ ပလက်၀မြို့ရဲ့ အရှေ့ဘက် ၁၆ မိုင်ဝန်းကျင်အကွာမှာ တည်ရှိပြီး စစ်ကောင်စီတပ်က မြို့ထဲမှာ ဗျူ ဟာ စခန်းအထိုင်ချထားသလို မြို့အနီးဝန်းကျင်မှာလည်း ကင်းစခန်းတွေ ချထားတာရှိပါတယ်။

အဲဒီဒေသမှာ CNA၊ ရခိုင့်တပ်တော်(AA)၊ ချင်းပြည်သူ့ကာကွယ်ရေးတပ်(CDF ပလက်၀)တို့လည်း လှုပ်ရှားနေကြပါတယ်။