CNF ဌာနချုပ်တိုက်ခိုက်ခံရလို့ ဟားခါး မှာဆိုင်ပိတ်ခဲ့သူတွေကို စစ်ကောင်စီဖမ်းပြီး ဆိုင်တွေကိုလည်း ချိပ်ပိတ်

ချင်းအမျိုးသားတပ်ဦး CNA/CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဇန်နဝါရီ (၁၁) ရက်မှာ ပိတ်ခဲ့တဲ့ဆိုင်တွေထဲကတချို့ကို စစ်ကောင်စီက မနေ့က စာကပ်ပြီးချိတ်ပိတ်ကာ ဆိုင်ရှင်တချို့ကိုလည်း ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“အဲဒီနေ့က အကုန်နီးပါးပိတ်တယ်၊သူတို့လှည့်အော်တော့ဆိုင်အနည်းငယ်ပဲဖွင့်ယောင်ပြတာပေါ့၊ ခုချိတ်ပိတ်တဲ့ဆိုင်တွေက သူတို့အော်လို့ပြန်မဖွင့်တဲ့ဆိုင်တွေထဲကနေချိတ်ပိတ်တာ” လို့ မြို့ခံတဦးကပြောပါတယ်။

CNA/CNF ဌာနချုပ်လေကြောင်းတိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၁၁ ရက်နေ့က ပြည်နယ်အစိုးရ ရုံးစိုက်ရာဟားခါးမြို့ပေါ်မှာ ဆိုင်အားလုံးနီးပါးပိတ်သလို မြို့တွင်းမှာလည်းအသွားအလာမလုပ်တဲ့ လှုပ်ရှားမှုလုပ်ခဲ့တာပါ။

အာဏာသိမ်းကာလအတွင်း မကြာမကြာလုပ်ခဲ့ဖူးတဲ့ အသံတိတ် ဆန္ဒပြလှုပ်ရှားမှုတွေနဲ့အသွင်တူတဲ့ အဲ့ဒီလှုပ်ရှားမှုကို ရပ်တန့်ဖို့ စစ်ကောင်စီက နေ့လယ်ပိုင်းမှာစတင်ကြိုးစားခဲ့ပါတယ်။ မဖွင့်တဲ့ဆိုင်တွေကို အကြမ်းဖက်ဥပဒေအရအရေးယူပြီး ဆိုင်ပိတ်သိမ်းမယ်လို့ စစ်ကောင်စီက လှည့်လည်ကြေငြာခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဲ့ဒီလိုကြေငြာပေမယ့် ဆက်ပြီးပိတ်ထားတဲ့ ဆိုင်တွေထဲကတချို့ကိုစစ်ကောင်စီက အကြမ်းဖက်တဦးကိုပုံးအောင်းခွင့်ပေးတာကြောင့်ဆိုင်ကိုပိတ်သိမ်းတယ်ဆိုတဲ့ စာတမ်းတွေမနေ့ကလိုက်ကပ်တဲ့အပြင်ဆိုင်ရှင်ဆယ်ဦးထက်မနည်း ရဲစခန်းကိုဖမ်းခေါ်သွားကာ အခုချိန်ထိပြန်လည်မလွတ်လာသေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။

 အဲ့ဒီလှုပ်ရှားမှုမှာ ဟားခါး တမြို့လုံးနီးပါးက ဆိုင်တွေပိတ်ခဲ့တာ​ဖြစ်ပေမယ့် လမ်းမကြီးပေါ်က ဆိုင်အများစုကိုပဲ အကြမ်းဖက်သမားခိုအောင်းတယ်ဆိုတဲ့ မဟုတ်မမှန်စွပ်စွဲချက်နဲ့ဖမ်းဆီးတာဟာ စစ်ကောင်စီကပြည်သူကိုအကြောက်တရားသွင်းတဲ့ ယုတ်ညံ့တဲ့လမ်းဟောင်းဖြစ်တယ်လို့ ဒေသခံတဦးက ဝေဖန်ပါတယ်။