မိုးရေသန့်စက်ရုံဂတ်စ်ယိုစိမ့်မှု​မှာဓါတ်ငွေ့ဘေးသင့်သူ သုံးဆယ်နီးပါးရှိပြီး ဆေးရုံတင်ပို့ထားရ

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၆ရပ်ကွက်၊တပ်မတော်ချည်မျှင်အရှေ့နဲ့ အုတ်ကျင်းဘူတာရုံလမ်းအနီးက မိုးရေသန့်စက်ရုံမှာ အမိုးနီးယာဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားတာကြောင့် အမိုးနီးယားဓါတ်ငွေ့ဘေးသင့်သူ သုံးဆယ်နီးပါးရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

“ဓာတ်ငွေ့သင့်တဲ့သူတွေကတော့အများကြီးပေါ့၊ အဓိကက ဆေးရုံကိုပို့တာကျတော့ သက်ကြီးရွယ်အိုတွေကို ပိုဂရုစိုက်ရတာပေါ့၊ ၂၀ကျော် ၃၀နီးပါးရှိတယ်၊ ဒီမနက်တော့ ဆေးရုံပြန်ဆင်းကြမှာပါ”လို့ အရှေ့ပေ ၅၀ လမ်းနေ ဒေသခံတဦးက ပြောပါတယ်။

အမိုးနီးယားဓာတ်ငွေ့သင့်ပြည်သူတွေကို အင်းစိန်ဆေးရုံ၊မြောက်ဥက္ကလာပ ဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီးတွေကို တင်ပို့ခဲ့တာဖြစ်တယ်လို့ လှိုင်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ရင်းရဲ့တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“အင်းစိန် ဆေးရုံမှာ အားလုံး ၁၆ ယောက်ပေါ့၊ဒီကနေ တင်ပို့လိုက်တာ၊အားလုံးအခြေအနေကောင်းပါတယ်၊ဒီနေ့ပြန်ဆင်းကြမယ်တော့ သိရတယ်”လို့ လှိုင်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ရင်းရဲ့တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကတော့ အမိုးနီးယားဓာတ်ငွေ့ယိုစိမ်မှုကြောင့် ဓာတ်ငွေ့ဘေးသင့်သူ ၂၉ ဦးရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၂ရက် ည ၉နာရီအချိန်က မိုးသောက်ရေသန့်စက်ရုံအနီး ဖြတ်သန်းသွားလာတဲ့ ဒေသခံပြည်သူအချို့ဟာ မျက်လုံးတွေစပ်တာ၊အသက်ရှူကြပ်တာတွေ ဖြစ်ပွားရာက အမိုးနီးယားဓာတ်ငွေ့ပိုက် ပေါက်ပြီးယိုစိမ့်တာကို သိရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။