မြန်မာစစ်တပ် တိုက်လေယာဉ် အိန္ဒိယလေပိုင်နက်ထဲဝင်ရောက်ဗုံးကျဲမှုအပေါ် ကိုင်တွယ်တားဆီးပေးဖို့ မီဇိုလူငယ်အသင်းက အိန္ဒိယအစိုးရကိုတောင်းဆို

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ တိုက်လေယာဉ်ဝင်ရောက်ပျံသန်းပြီး ဗုံးကျဲ ချမှုအတွက် အိန္ဒိယ အစိုးရအနေနဲ့ ထိထိရောက်ရောက်ကိုယ်တွယ်တားဆီးဖို့ မီဇိုလူငယ်အသင်းက ဇန်နဝါရီ ၁၂ ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ 

ဗုံးကျရောက်ပေါက်ကွဲမူကြောင့် ထိတ်လန့်အံ့အားသင့်ခဲ့ရတယ်လို့ မီဇိုရမ်ပြည်နယ် အခြေစိုက် မီဇိုလူငယ် အသင်း (YMA)က ပြောပါတယ်။

မြန်မာ – အိန္ဒိယ နယ်စပ် ထန်တလန်မြို့နယ်ထဲမှာရှိတဲ့ ချင်းအမျိုူသားတပ်ဦး(CNA/CNF) ဌာနချုပ်ကို စစ်ကောင်စီ က တိုလေယာဉ်တွေနဲ့ ဗုံးကျဲတိုက်ခိုက်ရာမှာ အိန္ဒိယနိုင်ငံလေပိုင်နက်ထဲအထိကျူးကျော်ပျံသန်းခဲ့သလို မီဇိုရမ် ပြည်နယ် ဖာရ်ကောန်ရွာနဲ့ ခုနစ်မိုင်ဝန်းကျင် အိန္ဒိယဘက်ခြမ်းမှာလည်း ဗုံးတလုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

အိန္ဒိယဘက်ခြမ်းကို စစ်ကောင်စီရဲ့ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်တာမရှိပေမယ့် ကားတစီးပျက်စီး ခဲ့ရတယ်လို့ The Chin Journal ကဖော်ပြထားပြီး စစ်ကောင်စီရဲ့လေပိုင်နက်ကျူးကျော်မူအပေါ် အိန္ဒိယ အစိုးရ က နှုတ်ဆိတ်နေပေမယ့် မီဇိုရမ်ပြည်နယ်သားတွေအနေနဲ့ ကိုယ့်နယ်မြေလုံခြုံရေးအတွက် ကန့်ကွက်ရမယ်ဆိုတဲ့ လှုံ့ ဆော်မူတွေ လူမူကွန်ယက်ပေါ်မှာပျံနှံ့ခဲ့ပါတယ်။

ဒီလိုလှုံ့ဆော်မှုတွေရှိပြီး နောက်တရက်မှာပဲ မီဇိုလူငယ်အသင်း YMA က စစ်ကောင်စီရဲ့ ဗုံးကျဲချတဲ့လုပ်ရပ်ကို ပြင်းပြင်း ထန်ထန်ရှုံ့ချပြီး အိန္ဒိယအစိုးရအနေနဲ့ ဒီကိစ္စကိုထိထိရောက်ရောက်ကိုင်တွယ်ဖို့ ထုတ်ပြန် တောင်းဆို လိုက်တာဖြစ်ပါတယ်။

မြန်မာစစ်တပ်တိုက်လေယာဉ်တွေဟာ လွန်ခဲ့တဲ့နှစ်လခန့်ကစပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို  မလေးမစား ခဏခဏ၀င်ရောက်ပျံသန်းခဲ့ပြီး အခုတကြိမ်မှာ ဗုံးပါကြဲချခဲ့တာ ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလုပ်ရပ်ဟာ အိန္ဒိယနိုင်ငံကို စော်ကားတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ နယ်မြေကျူးကျော်ပျံသန်းမှုကြောင့် နယ်စပ်က အိန္ဒိယနိုင်ငံသား တောင်သူလယ်သမားတွေ၊ သဲလုပ်ငန်းလုပ်ကိုင်သူတွေ အထိတ်တလန့်ဖြစ်ကာ သူတို့ရဲ့လုပ်ငန်းခွန်တွေကို  စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ဟာ  အိန္ဒိယနိုင်ငံရဲ့ ဝေဟင်နဲ့မြေပြင် နှစ်ခုလုံးမှာ နိုင်ငံတကာဥပဒေကို  ချိုးဖောက်လိုက်တာဖြစ်တယ်လို့လည်း ဝေဖန်ထားပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အိန္ဒိယအစိုးရကတော့ လက်ရှိအချိန်အထိ တစုံတရာ ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။