မတူပီမှာ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီထောက်ပို့စစ်ကြောင်း သုံးဆယ့်နှစ်မိုင်ခရီးကို ဆယ့်နှစ်ရက်ကြာအထိ မရောက်သေး

ဧပြီ၊ ၁

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝလမ်းမပေါ်ရှိ ထယ်ဘွေးစစ်စခန်းကို တပ်အင်အားနဲ့ ရိ က္ခာဖြည့်ဖို့ သွားနေတဲ့ စစ်ကြောင်းကို ချင်းကာကွယ်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ၁၂ရက်အတွင်း စစ်ကောင် စီတပ်ဖွဲ့ဝင် ၅၂ ဦးသေဆုံးပြီး မော်တော်ယာဉ် တစီးကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ CDF မတူပီကပြောပါတယ်။

မတူပီ အခြေစိုက် ခမရ ၃၀၄ တပ်က မတူပီ-ပလက်ဝလမ်းမပေါ်ရှိ ထယ်ဘွေးစစ်စခန်းကို မတ်လ ၂၀ရက်ကနေ မနေ့ကအထိ ကားသုံးစီး အင်အား ၁၅၀ ဝန်းကျင်နဲ့ တပ်အင်အား၊ ရိက္ခာဖြည့်ဖို့ စစ်ကြောင်းထိုးလာတာလို့ CDF မတူပီ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက DNA ကိုပြောပါတယ်။

အဲ့ဒီစစ်ကြောင်းကို ချင်းကာကွယ်ရေးတပ်- မတူပီနဲ့ ချင်းအမျိုးသားတပ်မတော် (CNA) တို့က လမ်းတလျှောက်  ကြားဖြတ်တိုက်ခိုက်နေတာဖြစ်တယ်လို့ သူကပြောပါတယ်။အဲ့ဒီ(၁၂)ရက်တာတိုက်ပွဲတွေအတွင်း ဒေသခံကာ ကွယ်ရေးတပ်တွေဘက်က တဦးသာ အပြင်းအထန်ဒဏ်ရာရတယ်လို့ဆိုပါတယ်။

“ကျန်တာ အဆင်ပြေသေးပေမယ့်အခက်အခဲဆုံးကတော့ ကျည်ဆန်ပဲ၊တိုက်ပွဲမှာ တဘက်နဲ့ တဘက် အပြန်အ လှန်ပစ်နေတဲ့ အတောအတွင်းမှာကို ကျည်ဆန်ကုန်သွားလို့ ဒုက္ခရောက်သွားရတာတွေ ရှိတယ်။ ၁၂ ရက်လုံးလုံး ဆိုတော့ လက် နက်ခဲယမ်းက မခံနိုင်တော့ဘူးပေါ့၊ ထောက်ပို့နိုင်မှုက အရမ်းကို အားနည်းပါတယ်” လို့ CDF မတူပီ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

အရင်နှစ်တွေက စစ်ကောင်စီတပ်ဟာ မတူပီကနေ ထယ်ဘွေးစစ်စခန်းကိုသုံးရက်အတွင်း စစ်ကြောင်းချီနိုင်ပေ မယ့် ဒီနှစ်မှာ တရက် ငါးမိုင်နှုန်းသာ ခရီးတွင်တယ်လို့သူကပြောပါတယ်။မတူပီထယ်ဘွေးစခန်းအထိ ၃၂ မိုင် ခရီးကို ချင်းကာကွယ် ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဟာ ရက်များစွာကြာ အောင်သွားနေရတယ်လို့ဆိုပါတယ်။

 “ကျနော်တို့ လိုချင်တာကတော့ ဒီအင်အား ၁၅၀ နဲ့ ကားသုံးစီးနဲ့ ထွက်သွားတဲ့ အစားအစာတွေကို ထယ်ဘွေ စခန်း မရောက်အောင် ကျွန်တော်တို့ နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်ဖို့တော့ ပြင်ဆင်ပါတယ်၊ ဒါပေမယ့် ရည် မှန်းထားသလို ဖြစ်မလားတော့ မသိဘူး၊ အဓိက အခက်အခဲကတော့ လက်နက်ခဲယမ်းပါပဲ” လို့ CDF မတူပီ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ချင်းဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မတ်လ ၂၇ ရက်ကမတူပီမြို့နယ် မိုင်တိုင် ၂၁ မှာ စစ်ကောင်စီ တပ် ဖွဲ့ဝင်တွေ ညနေစာ ချက်စားနေကြချိန် ဝင်ရောက်တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၁၂ ဦး သေဆုံးပြီး ဒဏ် ရာရရှိသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၂၉ ရက်မှာလည်း မိုင်းဆွဲတိုက်ခိုက်မှုနဲ့ ထိတွေတိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီရဲ့ ထောက်ပို့ ၁၂ ဘီး ကားတစီး ချောက်ထဲပြုတ်ကျတဲ့အတွက် မီးရှို့ဖျက်ဆီးခံရသလို စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံး တယ်လို့ CDF မတူပီက ပြောပါတယ်။

အလားတူ မတ်လ ၃၁ ရက်မှာလည်း ထိတွေ့တိုက်ပွဲတွေ ထပ်ဖြစ်လို့ စစ်ကောင်စီဘက်ကသုံးဦးသေဆုံးပြီး စစ်ကောင်စီတပ်တွေက ကုလားရွာသစ်အောက်ရွာက နေအိမ် ငါးလုံးနဲ့ ကုလားအပေါ်ရွာက နေအိမ် လေး လုံး တို့ကို မီးရှို့သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် မတူပီ-ပလက်ဝလမ်းပိုင်းရှိ အနည်းဆုံး ကျေးရွာငါးရွာက ဒေသခံ တထောင်လောက် စစ်ရှောင်နေရပြီး စားနပ်ရိက္ခာပြတ်တောက်နေတဲ့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။ စစ်ရှောင်တွေဟာ ကျေးရွာအလိုက် နီးစပ်ရာ လုံခြုံမယ်လို့ ယူဆရတဲ့ တော၊ တောင်တွေထဲမှာ စစ်ရှောင်နေရပြီး အခြေခံစား သောက်ကုန်နဲ့ အမိုးအကာတွေလည်း လိုအပ်နေပါတယ်။

ဓာတ်ပုံ – CDF မတူပီ