ခရမ်းမှာအသက်နှစ်ဆယ်အရွယ်လူငယ်တဦးကို စစ်တပ်ကပစ်သတ်ပြီး PDF လို့စွပ်စွဲ၊ အလောင်း ထုတ်ခွင့်မပေး

ဧပြီ၊ ၁

ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်၊ဒေးပေါက်ကျေးရွာနဲ့စွယ်တော်ကွင်းကျေးရွာအသွားလမ်းပေါ်မှာပြီးခဲ့တဲ့မတ်လ ၃၁ ရက် နေ့လယ်ပိုင်းကအသက်နှစ်ဆယ်အရွယ်လူငယ်တဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး မိသားစုကို အလောင်းပြန် ထုတ်ခွင့်မပေးဘူးလို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

ပစ်ခတ်ခံရပြီးသေဆုံးသွားတဲ့ လူငယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် လူမှု ကွန်ရက်ချန်နယ်တွေက ဝါဒဖြန့်နေပေမယ့် ဒေသခံတွေကတော့ ဒီစွပ်စွဲမှုမှားယွင်းတယ်လို့ အခိုင်အမာပြောကြ ပါတယ်။

“သေဆုံးသူက အရပ်သားပါ၊သူတို့အရပ်သားကို ပစ်သတ်ပြီး PDF ဆိုပြီးပုံဖော်တာပါ၊သေဆုံးသူဟာPDF  နဲ့ပတ် သတ်မှုမရှိပါဘူး၊စစ်တပ်က အရပ်သားကို ပစ်သတ်ပြီး အကြမ်းဖက်ပုံဖော်လာတာပါ”လို့ ခရမ်းဒေသ ခံတဦးက DNA ကိုပြောပါတယ်။

သေဆုံးသွားတဲ့လူငယ်ဟာ ခရမ်းမြို့နယ် အမှတ်(၁၁) ရပ်ကွက် ရွာမလမ်း က ချေးငွေလုပ်ငန်းမှာ အလုပ်လုပ်နေ တဲ့ဝန်ထမ်းတဦးသာဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူရဲ့ရုပ်အလောင်းကိုမိသားစုဝင်တွေ ထုတ်ယူခွင့်မရ သေး ဘူးလို့သိရပါတယ်။

 “အလောင်းထုတ်ဖို့ကမလွယ်ဘူး အခုအလောင်းက ဆေးရုံမှာပဲရှိသေးတယ်၊ စစ်တပ်က အကြမ်းဖက် PDF ဆိုပြီး စွပ်စွဲထားတော့ မိသားစုကိုလဲဆက်သွယ်မရဘူး၊ အလောင်းလဲကြည့်လို့မရဘူး”လို့ ဒေသခံတဦးက ထပ်ပြော ပါ တယ်။

သေဆုံးသွားတဲ့လူငယ်ဟာ တထုပ်တထုပ်သယ်ယူလာတဲ့အတွက် ရပ်တန့်ဖို့ပြောပေမယ့်မရပ်တာကြောင့် သေ နတ်နဲ့ နှစ်ချက်ပစ်ခတ်ရာမှာ သေဆုံးသွားခဲ့ပြီး အဲ့ဒီလူငယ်ဆီကနေ လက်ပစ်ဗုံးတွေ့ရှိသိမ်းဆည်းမိတယ်လို့ စစ် ကောင်စီဝါဒဖြန့် ချန်နယ်တွေကဖော်ပြပါတယ်။

ဒါပေမယ့် ခရမ်းမြို့နယ်အတွင်းက မြေပြင်အခြေအနေတွေဖော်ပြပေးနေတဲ့ Khayan Channel III ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာတော့ သေဆုံးသွားတဲ့လူငယ်ဟာ ဆိုင်ကယ်စီးလာရာက စစ်ကောင်စီတပ်သားတွေ စစ်ဆေးနေတဲ့ နေရာမရောက်ခင်မှာ ပြန်လှည့်ထွက်ပြေးတာကြောင့် ပစ်သတ်ခံရတာလို့ဖော်ပြထားပါတယ်။

 စစ်ကောင်စီတပ်ကို အဲ့ဒီလူငယ်ကို မှားယွင်းပစ်သတ်ခဲ့ပြီးမှ PDF လို့ စွပ်စွဲတာဖြစ်တယ်လို့လည်း အဲ့ဒီဖေ့စ် ဘွတ်ခ် စာမျက်နှာက ဆိုပါတယ်။

အဲ့ဒီလူငယ်ပစ်သတ်ခံရတဲ့ ဖြစ်စဉ်မတိုင်ခင် မနေ့က ခရမ်းမြို့နယ်မှာ (၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးဇော်ဦးက ပစ်သတ်ခံရလို့ စစ်ကောင်စီတပ်တွေက ကံဘဲ့ကျေးရွာနဲ့ အောက်ကျင်းကျေးရွာနေ ပြည်သူတွေကို အိမ်ပြင်ထွက် ခွင့်မပေးဘဲ စစ်ဆေးတာတွေလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

 ဓာတ်ပုံ – CJ