တနင်္သာရီ မောတောင်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ရေးဆက်လက်တင်းမာနေ

ဧပြီ၊ ၁

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မောတောင်လမ်းက ကျေးရွာတွေမှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နဲ့ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ)ဆီက သိရပါတယ်။

အင်အား ၂၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်(BGF)ပူးပေါင်းအဖွဲ့ စစ်ကြောင်းက တနင်္သာရီ-မော တောင်လမ်းဘေးက ချောင်းနှစ်ပေါက်ကျေးရွာကို မတ်လ ၃၁ ရက်မနက် ကိုးနာရီမှာ စစ်ကြောင်းထိုး ဝင်ရောက် လာတာကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲစဖြစ်ခဲ့တာပါ။

အဲနောက် ဒီကနေ့ နံနက်ပိုင်းမှာ ရေဖြူကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီဗျူဟာကုန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကသွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တနင်္သာရီမြို့နယ်(ပ.က.ဖ)တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

“မောတောင်သွားတဲ့ လမ်းမကြီးရဲ့ဘေးက ရွာမှာ တနာရီလောက်ပစ်ခတ်မှုဖြစ်တယ်၊ နောက်ပြီး ဒီနေ့မနက်မှာ ဗျူဟာကုန်းကို သွားပစ်တာ၊ လက်နက်ကြီးတွေနဲ့ သိန်းခွန်ရွာအနားပါ၊ ဒါကတော့ ကျွန်တော်တို့ဘက်က ပစ်ပြီး ပြန်ဆုတ်သွားတယ်” လို့သူက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်ခတ်မှု ဖြစ်တဲ့ နေရာကို အင်အားထပ်မံ ဖြည့်တင်းလာရာက သိန်ခွန်းရွာနဲ့ ရေဖြူကျေးရွာအကြားမှာ တခြား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့(စစ်ကောင်စီ)ကလည်း အင်အားထပ်တိုး လာတယ်၊ အများကြီးပဲ ရာကျော်တယ်နော်၊ ခြေလျင်ပဲ၊ ကား နှစ်စီးပါတယ်၊ ကျန်တဲ့သူတွေက ခြေလျင်ပဲ၊ခဏပဲ ပစ်ခတ်မှုက ဖြစ်သွားတယ်၊ ဘာလို့ဆိုတော့ ခရီးသွားပြည် သူတွေ ရှိနေတော့ ကျွန်တော်တို့လည်း ပြည်သူတွေကို မထိစေချင်တာကြောင့် သိပ်မကြာဘူး၊ ပြန်ဆုတ်လိုက် ရတယ်” လို့ တနင်္သာရီ ပကဖ တာဝန်ရှိသူက ပြောပါတယ်။

နှစ်ရက်တာပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ၁၀ ဦးကျော်ရှိနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်းမရှိပါဘူး။

လက်ရှိ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားထပ်မံဖြည့်တင်းထားပြီး နှစ်ဘက်တိုက်ပွဲ အချိန်မ ရွေးဆက်လက်ဖြစ်ပွားနိုင်တဲ့ အခြေအနေမှာ ရှိနေတာကြောင့် မောတောင်လမ်းပိုင်းမှာ အသုံးပြုဖြတ်သန်း သွား လာတာတွေ မလုပ်ကြဖို့နဲ့ ရေဖြူရွာ ဗျူဟာကုန်း အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ပြည်သူတွေလည်း အမြန် ဆုံး ထွက်ခွာကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒီလိုနှစ်ဘက်ပစ်ခတ်မှုနဲ့ စစ်ရေးအခြေအနေတင်းမာနေတာကြောင့် ချောင်းနှစ်ပေါက်၊ သိန်းခွန်ကျေးရွာနဲ့ ရေဖြူ ရွာက ဒေသခံတွေကလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြရတယ်လို့ တနင်္သာရီမြို့နယ်က စစ်ရှောင်အရေးအကူအညီပေးနေသူတဦးက ပြောပါတယ်။

“ တိုက်ပွဲက ၂၉ လောက်မှာ နည်းနည်းစဖြစ်တာ၊ အခုထိပဲ ပြောလို့ရတယ်၊ တနင်္သာရီမှာကလည်း အဲဒါကြောင့်ပဲ ချောင်းနှစ်ပေါက်၊ သိန်းခွန်၊ ဒီနေ့ဆို ရေဖြူရွာဘက်ကတောင် နည်းနည်းတိမ်းရှောင်နေကြပြီ၊ကျွန်တော်တို့လည်း ဖုန်းလိုင်းအခက်အခဲ၊ မြေပြင်အခြေအနေ ရတော့ စာရင်းအတိအကျတော့ ပြောရခက်နေသေးတယ်၊ အခုမှ လိုက် မေးနေတုန်းဆိုတော့ ခုထိဆို ရာချီရှိပြီးပေါ့၊ ရှောင်နေကြတာ”လို့ သူက ပြောပါတယ်။

လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ထုံခါ-မောတောင်လမ်းဟာ မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်ဘက်ကို ဒေသထွက် ရေထွက်ကုန်ပစ္စည်းတွေကို ကုန်တင်ယာဉ်တွေနဲ့ အဓိက တင်ပို့နေတဲ့လမ်းကြောင်း ဖြစ်တယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတော်လှန်မှု အားကောင်းတဲ့ တနင်္သာရီတိုင်းအတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိနာနေတာကြောင့် လူအင်အားဖြည့်တင်းမှုတွေ သိသိသာသာ လုပ်ဆောင်နေပြီး အဲလို လူအင်အားဖြည့် တင်း ရာမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အတူ နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့တွေပါ ခေါ်ယူ အသုံးပြုတိုက်ခိုက် လာ တာကို တွေ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောကြပါတယ်။

ဓာတ်ပုံ – Social Media

ပုံစာ – တနင်္သာရီတိုင်းအတွင်းမှာတွေ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခု