ကျုံဒိုးမြို့အနီးမှာ ညအချိန်တိုက်ပွဲဖြစ်နေ

ဧပြီ၊ ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့မှာ ဒီကနေ့ ဧပြီ ၁ ရက် ည ၉ နာရီခွဲကျော်ကစတင်ကာ အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျုံဒိုးမြို့ပြင်၊ ကမ်းနားပိုင်းနဲ့ ၅၄၄ တပ်ရင်းအနားမှာ ပစ်ခတ်မှု ဖြစ်နေတာဖြစ်နိုင်ပြီး လက်နက်ကြီးတွေပါ အသုံး ပြုတိုက်ခိုက်နေတာဖြစ်တယ်လို့ ကျုံဒိုးဒေသခံတဦးက DNA ကို ပြောပါတယ်။

 “ကျုံဒိုးမြို့ပြင်ဘက်မှာပေါ့၊ ဖြစ်တာက ပစ်ခတ်သံတွေက နေရာနည်းနည်း များနေတော့လေ၊ ကျွန်တော်ပြော နိုင် တာက၊ ကျုံဒိုးကမ်းနားပိုင်းရယ်၊ ၅၄၅ တပ်ရင်းဘက်ကတွေက ဖြစ်နိုင်တယ်၊အခြားနေရာတွေလည်း ဖြစ်တယ်၊ ပစ်ခတ်သံတွေကတော့ အပြန်အလှန်ပစ်ခတ်သံပဲ၊ ပစ်နေတာတွေက အပြန်အလှန်ပစ်တာရော၊ လက်နက်ကြီး ရောပဲ”လို့သူက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်သံတွေဟာ ည ၁၀ နာရီ မိနစ် ၄၀ ကျော်အထိထွက်ပေါ်နေဆဲလို့သိရပြီး ဒီအခြေအနေနဲ့ပတ် သက်လို့ DNA ကို အင်တာဗျူးဖြေနေတဲ့အချိန်အတွင်း လည်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ ဆက် တိုက်ကြားနေရပါတယ်။

 ကျုံဒိုးမြို့မှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နဲ့ Lion Battalion Commando – ဗျူဟာစစ်ကြောင်း၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူပေါင်းတပ်ဖွဲ့တို့ဟာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက် မနက်ပိုင်းကစတင်ပြီး မတ်လ ၂၆ ရက်အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ကြပါသေးတယ်။

အဲဒီနောက်ပိုင်းကစပြီး ကျုံဒိုးမြို့မှာ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းထားတာမျိုးတွေရှိပေမယ့် နှစ်ဘက် ပစ်ခတ်မှုဆက်လက်ဖြစ်ပွားတာမရှိတော့ဘဲ ဒီကနေ့ ဧပြီ ၁ ရက် ညမှာပစ်ခတ်သံတွေပြန်လည်ထွက်ပေါ် နေ တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ပစ်နေတာက ဘယ်သူနဲ့ ဘယ်သူပစ်နေတာတော့ မသိရဘူး၊ ညမိုးချုပ်နေပြီလေ၊ ကျွန်တော်တို့တောင် ကြောက် လို့ ပြေးရမလား၊ ထပ်ရှောင်ရမလား၊ မသိဘူးဖြစ်နေပါတယ်၊ဟိုနေ့က တိုက်ပွဲနှစ်ရက်ဖြစ်တယ်လေ၊ အဲတုန်းက လည်း တိမ်းရှောင်နေတာ၊ အခု အိမ်ကိုပြန်လာတာ သိပ်တောင် မကြာသေးဘူး၊ အခုထပ်ဖြစ်ပြန်ပြီ”လို့ နောက် ထပ်ကျုံဒိုးမြို့ခံတဦးကလည်း ပြောပါတယ်။

ကျုံဒိုးမြို့အတွင်း ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နဲ့ ၂၆ ရက်တို့က နှစ်ရက်ဆက် ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပါအသုံးပြုတိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲကြောင့် နေအိမ်သုံးဆယ်ကျော် ပျက်စီးခဲ့သလို ကား၊ ဆိုင်ကယ်နဲ့ နေအိမ်တွေအတွင်းရှိ တခြားတန်ဖိုးကြီးပစ္စည်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲကြောင့် အရပ်သားလေးဦးသေဆုံးကာသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဒေသခံထောင်နဲ့ချီ လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီးအဲ့ဒီအထဲက သုံးပုံ နှစ်ပုံလောက်ဟာဒီကနေ့အထိ နေရပ်ကို ပြန်မလာရဲကြသေးဘူးလို့ဆိုပါတယ်။

ဓာတ်ပုံ – Social Media

ပုံစာ – မတ်လနောက်ဆုံးပတ်အတွင်း တိုက်ပွဲဖြစ်ပြီးနောက် ကျုံဒိုးမြို့တွင်းကအဆောက်အအုံတချို့ကိုတွေ့ရစဉ်