လားရှိုးက ပြည်သူစစ်စခန်းသိမ်းပိုက်ရာမှာ လက်နက်မျိုးစုံ ရှစ်ဆယ်နီးပါးရတယ်လို့ TNLAပြော

 

နို၀င်ဘာ ၊ ၄

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ဂျာယန် ပြည်သူစစ်စခန်း ကို ဒီကနေ့ မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ရာမှာ ပြည်သူ့စစ်အဖွဲ့ဝင် လေးဆယ်နီးပါးဖမ်းမိသလို လက်နက်မျိုး စုံ ရှစ်ဆယ် ဝန်းကျင်နဲ့ခဲယမ်းအများအပြားရခဲ့တယ်လို့တအာင်းတပ်TNLA သတင်းနဲ့ပြန်ကြားရေးရုံး တာဝန်ရှိသူတဦးက DNA ကိုအတည်ပြုပါတယ်။

လားရှိုးမြို့နဲ့ ကွတ်ခိုင်မြို့ကြား ကားလမ်းမအနီးမှာရှိတဲ့ အဲ့ဒီစခန်းကိုသိမ်းပိုက်ရာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ သေး တယ်လို့ သူကပြောပါတယ်။ 

တိုက်ပွဲအတွင်း ဖမ်းမိတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၃၈ဦးထဲက စခန်းခေါင်းဆောင်ပိုင်းလေးဦးကို ထိန်းသိမ်းထားပြီး  ကျန်တဲ့သူတွေကိုတော့ နေရပ်ပြန်ခွင့်ပေးလိုက်တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။

အဲဒီပြည်သူစစ်စခန်းကနေ  လက်နက်မျိုးစုံ ၇၈ လက်၊ ကျည်မျိုးစုံ ၄၃ ဖာ၊ စကားပြောစက်တွေအပြင် မူးယစ်ဆေး ဝါးအထုပ်ကြီး(ယာမဆေးပြား) ၃၉ ထုပ်ကျော်ကို သိမ်းဆည်းရရှိထားတယ်လို့ TNLA ထုတ်ပြန်ချက်မှာဖော်ပြ ထား ပါတယ်။

ဂျာယန်ပြည်သူ စစ်စခန်းဟာ စစ်ကောင်စီတပ်ကို ထောက်ပို့အဖြစ် ကြားခံစခန်းသဖွယ်အသုံးပြုနေပြီး ပထမ အကြိမ် သတိပေးပြောဆိုခဲ့ပေမယ့် ထောက်ပို့လုပ်ငန်းတွေ ဆက်လုပ်ဆောင်နေတာကြောင့်  ၀င်ရောက် ရှင်းလင်း ခဲ့တာလို့ TNLA ကဆိုပါတယ်။

TNLA တပ်ဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းမှာ လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခု၊ နမ့်ခမ်းမြိုရှိ တပ်စခန်းနှစ်ခုနဲ့ မိုးမိတ်ဒေသရှိ တပ်စခန်း တခု စုစုပေါင်း တပ်စခန်း ငါးခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ သတင်း ပြန်ကြားရေး ရုံးတာ၀န်ခံ အမျိုးသမီးတဦး ကပြောပါတယ်။