PDF ဖမ်းထားတဲ့ လူမှုကူညီရေးအဖွဲ့ခေါင်းဆောင် အသတ်ခံရပြီဆိုတဲ့သတင်းအမှား

စက်တင်ဘာ၊ ၂၀။

PDF တွေဖမ်းဆီးထားတဲ့ တနင်္သာရီတိုင်း၊ထားဝယ်ခရိုင် အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်ကူညီ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ဦးနိုင်မျိုးသွင် သတ်ဖြတ်ခံလိုက်ရပြီဆိုတဲ့ သတင်းအမှားတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ နေပါတယ်။

အဲ့ဒီ့သတင်းကို စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တခုဖြစ်တဲ့ DGF21News Telegram ချန်နယ်  က စက်တင်ဘာ ၁၉ ရက်၊ ညနေ ၇ နာရီကျော်မှာ စတင်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၂၀၂၅ ဦး၊ reaction ပြုလုပ်သူ ၅၂ ဦး၊ comment ရေးသားမှု ၁ ခုနဲ့ ပြန်လည်မျှဝေတဲ့သူ ၂ ခု ထိရှိကာ လူမှုကွန်ရက်အသုံး ပြုသူတွေကြားမှာ ပျံ့နှံ့နေပါတယ်။

ပျံ့နှံ့လာတဲ့သတင်းမှာ“နောက်ဆုံးသတင်းအရအသတ်ခံလိုက်ရပါပြီ၊ရဟန်းသံဃာမချန် ပရဟိတအဖွဲ့တွေပါ မရှောင် ပြည်သူပါအလွတ်မပေးတဲ့ အကြမ်း ဖက်တွေ အမြန်ကျဆုံးပါ‌စေ“လို့ရေးသားထားကာ ဦးနိုင်မျိုးသွင် ဖမ်းဆီးခံရတဲ့ သတင်းဖော်ပြမှု screenshot ပုံ နှစ်ပုံနဲ့ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

DNA Fact Check အဖွဲ့က ဖြစ်စဥ်ကို စစ်ဆေးကြည့်တဲ့အခါမှာ ဇမ္ဗူသီရိအရေးပေါ် ကူညီကယ်ဆယ်ရေး အသင်းခေါင်းဆောင်ကို ထားဝယ်မြို့ပြပျောက်ကြားအဖွဲ့က ဖမ်းဆီးထားတာမှန်ပေမယ့် သတ်လိုက်တယ် ဆိုတဲ့ စွပ်စွဲရေးသားမှုဟာ သတင်းအမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ဦးနိုင်မျိုးသွင်ကို လက်ရှိမှာ စစ်ဆေးမေးမြန်းနေဆဲဖြစ်ပေမယ့် ကျန်းမာရေးကောင်းမွန်နေသလို ရိုက်နှက်စစ်ဆေးတာမျိုးလည်း မလုပ်ဘူးလို့ ထားဝယ်ပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ကို ပီတာက ပြောပါတယ်။

“သူ့ကို အိပ်ခန်းတခုထဲမှာ ထည့်ထားတယ်၊ ဒါပေမယ့် ၂၄ နာရီ ထားထားတာမျိုးမဟုတ်ဘူး၊ သူ့ကို အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူခိုင်းတယ်၊သူ့ကို စောင့်ကြည့်မယ်လူတော့ ထားထားတယ်။ လွတ်လွတ်လပ်လပ်ပဲ၊ လက်ထိပ်ခတ်တာတို့ ကြိုးနဲ့တုပ်တာတို့လည်း မလုပ်ထားဘူး။ စစ်ဆေးတဲ့အချိန်မှာလည်း VD(ရုပ်သံ) ရိုက်ပြီးမှစစ်တယ်၊ အခုချိန်ထိ သူ့မှာ မှဲ့တပေါက်မစွန်းဘူး”လို့ သူကပြောပါတယ်။

ဦးနိုင်မျိုးသွင်ဟာ စစ်တပ်ကို သပိတ်အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သတင်းတွေကို စစ်ကောင်စီကို ပေးပို့နေသူဖြစ်ပြီး စစ်ကောင်စီနဲ့ တရားမဝင်အလုပ်တွေလုပ်ကိုင်နေတာကြောင့် ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတဲ့ အကြောင်းကို Guerrilla Dawei ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပြီး ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

ဦးနိုင်မျိုးသွင်ကို ဖမ်းဆီးစစ်ဆေးတာနဲ့ ပါတ်သက်ပြီး Delta News Agency နဲ့ DVB TV News ကရေးသားထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ဖတ်လို့ရပါတယ်။

ဒါ့အပြင် ဦးနိုင်မျိုးသွင်ကိုလိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပြီးချိန်မှာ သတိပေးပြီး ပြန်လွှတ်မှာဖြစ်တယ်လို့လည်း ထားဝယ်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုပီတာက DNAကို ပြောပါတယ်။

“သူ့ကို ထောင်ချမယ်ဆိုလည်း ကျွန်တော်တို့မှာ ထောင်မရှိဘူး၊ရိုက်ပြီး အပြစ်ပေးရင်လည်း ညှဥ်းပန်းနှိပ်စက်တယ်ဆိုပြီး သတင်းထွက်လာအုံးမယ်၊ဒါကြောင့် Warning(သတိ)ပေးပြီးပြန်လွှတ်မယ်” လို့သူကပြောပါတယ်။

လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဌာနတွေရဲ့ သတင်းတွေမှာ ဦးနိုင်မျိုးသွင် ဖမ်းဆီးစစ်ဆေးခံရတဲ့ အကြောင်းကိုပဲ ရေးသားထားပြီး အသတ်ခံရပြီးသေဆုံးတဲ့ အကြောင်းမပါဝင်ပါဘူး။

ဒ့ါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်း အရာတခုခုကို ပုံဖျက်ဖို့အတွက် သတင်းအမှားတွေ၊ သတင်းအတုတွေကိုရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလာကြ တာရှိတဲ့အတွက် အလွယ်တကူမယုံကြည်ဖို့၊ ပြန်ပြီးမမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြုမေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့နဲ့ DNA Fact Check Team ကို ဒီနေရာကနေ mailto:dnafactcheck@gmail.com ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပေးနိုင်ပါတယ်။