ကမ္ဘာ့ဖလားမှာ အောင်ပွဲခံနေချိန် အလိုမတူဘဲ နမ်းသွားတဲ့ ဥက္ကဋ္ဌကို အရေးယူသင့်တယ်လို့ စပိန် ဘောလုံးမယ်ပြော

သြဂုတ် ၊ ၂၄

အောင်ပွဲ ခံနေချိန်မှာ မဆီမဆိုင် သူ့ကို ဖက်နမ်းသွားတဲ့ စပိန် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌရဲ့ အပြုအမူနဲ့ ပတ်သက်လို့ အရေးယူ တုံ့ပြန်မှု တခုခု ရှိသင့်ကြောင်း ကမ္ဘာ့ချန်ပီယံ စပိန် အမျိုးသမီး လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူး ဂျနီဖာ ဟာမိုဆိုက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က စပိန်ဟာ အင်္ဂလန်ကို ၁-၀ နဲ့ အနိုင်ယူပြီး နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ကမ္ဘာ့ဖလားကို ဆွတ်ခူး ရရှိခဲ့ပါတယ်။ အဲဒီနောက် ဆုပေးပွဲမှာ ဘောလုံးမယ်တွေနဲ့အတူ​ အောင်ပွဲခံနေရင်း စပိန် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ လူးဝစ် ရူဘီရာလက်စ်က ဟာမိုဆိုကို ပွေ့ဖက် ဂုဏ်ပြုထားရင်း နှုတ်ခမ်းကို နမ်းလိုက်တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ရူဘီရာလက်စ်က သူ့လုပ်ရပ်ဟာ လွန်ကဲတဲ့ အနေအထားမျိုး သက်ရောက်သွားမယ်ဆိုရင် ဟာမိုဆိုကို တောင်းပန်ကြောင်း လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။ ဟာမိုဆိုဟာ အဲဒီအချိန်မှာ ကတည်းက အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်သွားတဲ့ အမူအယာကို ပြသခဲ့ပါတယ်။

 ဒီပြဿနာက မပြီးသေးဘဲ ရူဘီရာလက်စ်ဟာ နိုင်ငံတကာ ရှုတ်ချမှုတွေကို ကြုံနေရသလို အစိုးရ အဖွဲ့ဝင် ဝန်ကြီးတချို့ကပါ သူ့ကို ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ်ကနေ နုတ်ထွက်သင့်ကြောင်း ဖိအားပေး တောင်းဆိုလာကြပါတယ်။

ဩဂုတ် ၂၃ ရက်မျာတော့ အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးက ပရော်ဖက်ရှင်နယ် အမျိုးသမီး ဘောလုံးသမားများ အဖွဲ့ချုပ် (Futpro)နဲ့ အင်တာဗျူးရာမှာ ရူဘီရာလက်စ်ရဲ့ လုပ်ရပ်ကို သူ့အနေနဲ့ လုံးဝ မနှစ်မြို့ခဲ့ကြောင်း၊ အခုဖြစ်စဉ်မှာ သူ့ရဲ့ ရပ်တည်မှုတွေနဲ့ ခုခံပိုင်ခွင့်တွေကို ပီပီပြင်ပြင် ရလိုကြောင်း ပြောကြားခဲ့ပါတယ်။

နောက်ပြီး Futproကနေတဆင့် ဟာမိုဆိုက ကြေညာချက် တစောင် ထုတ်ပြန်ရာမှာ အခုလို ကိစ္စမျိုးအတွက် ဘယ်လို အရေးယူ ဆောင်ရွက်မှုမှ မရှိဘဲ ပြီးဆုံးသွားတာမျိုးက မဖြစ်သင့်ဘူးလို့ ယူဆကြောင်း၊ ရှိသင့် ရှိထိုက်တဲ့ စည်းမျဉ်းတွေနဲ့အညီ စံပြအဖြစ် တုံ့ပြန် အရေးယူနိုင်အောင် ကြိုးစားသွားမှာဖြစ်ကြောင်း၊ အမျိုးသမီး ဘောလုံးမယ်တွေအပေါ် အခုလို ပြုမူတာမျိုးဟာ လုံးဝ လက်မခံနိုင်ဘူးလို့ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။

စပိန် ဘောလုံးအဖွဲ့ချုပ် (RFEF)ထဲမှာလည်း ဒီကိစ္စကြောင့် အတော်လေး ဂယက်ထနေပြီး ဩဂုတ် ၂၅ ရက်မှာ အရေးပေါ် အစည်းအဝေးတခု ခေါ်ယူဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ ကမ္ဘာ့ ပရော်ဖက်ရှင်နယ် ဘောလုံးမယ်များ အဖွဲ့ချုပ် (Fifpro)ကလည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အနေနဲ့ ရူဘီရာလက်စ်ရဲ့ လုပ်ရပ်အပေါ် ကျင့်ဝတ်စံနှုန်းတွေနဲ့အညီ စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။