ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌဟောင်း ကိုနောင်ထက်အောင်ကို စစ်တပ်က ထောင်သုံးနှစ်ထပ်ချ

သြဂုတ်၊ ၁၁
 
မန္တလေးမြို့ အိုးဘိုအကျဥ်းထောင်မှာ အကျဥ်းကျခံနေရတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌဟောင်း ကိုနောင်ထက်အောင်ကို စစ်ကောင်စီက သြဂုတ်လ ၉ ရက်နေ့မှာ ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်လိုက်တယ်လို့ သမဂ္ဂတာဝန်ရှိသူတွေက ပြောပါတယ်။
အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) ဗဟိုကော်မတီဝင်တဦးလည်းဖြစ်သူ ကိုနောင်ထက်အောင်ကို အခြားဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်နဲ့အတူ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ စွဲဆိုထားတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) အတွက် အိုးဘိုထောင်တွင်းတရားရုံးက ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခဲ့တာပါ။
ကိုနောင်ထက်အောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့ကလည်း အကြမ်းဖက်ပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရတာကြောင့် စုစုပေါင်းထောင်ဒဏ် ရှစ်နှစ်ရှိလာပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လထဲမှာ အထင်ကရ နိုင်ငံရေးသမားတွေဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် နိုင်ငံရေးအကျဥ်းသားလေးဦး သေဒဏ်စီရင်ခံရတာနဲ့ ပတ်သက်ပြီး မန္တလေး အိုးဘိုအကျဥ်းထောင် ထောင်တွင်းအစာငတ်ခံဆန္ဒပြမှုမှာ ကိုနောင်ထက်အောင် ဦးဆောင်ပါဝင်ခဲ့တယ်ဆိုပြီး ထောင်အာဏာပိုင်တွေက တိုက်ပိတ်ရိုက်နှက်တာ ခံခဲ့ရတယ်လို့ နီးစပ်သူတွေက ပြောဆိုထားပါတယ်။
ဒါကြောင့် ကျန်းမာရေး ဆိုးရွားနေသလို ဆေးကုသခွင့်လည်း မရခဲ့တဲ့ အခြေအနေတွေ ရှိထားတယ်လို့ ဆိုပါတယ်။
” ကျန်းမာရေးက ခြေထောက်တွေကို ဒေါက်(ခြေချင်း)ခတ်ထားလို့ အခုဆိုရင် လေဖြတ်သလို တရွတ်ဆွဲသွားနေရတယ်။ ဆေးကုခွင့် ဆေးသွင်းခွင့်မပေးဘူး။ ရှစ်ပေ-ဆယ်ပေ အခန်းထဲမှာ ခြောက်ယောက်နေနေရတယ် ” လို့ လက်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးက DNA ကို ပြောပါတယ်။
အလားတူပဲ ကိုနောင်ထက်အောင်နဲ့အတူ ထောင်ဒဏ်ချမှတ်ခံရတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင် ဟာလည်း အရင်က အကြမ်းဖက်ပုဒ်မ ၅၂(က) နဲ့ ထောင်ငါးနှစ်၊ ၅၀၅(က) နဲ့ ထောင်သုံးနှစ် ချမှတ်ခံထားရတာကြောင့် လက်ရှိမှာ စုစုပေါင်းထောင်ဒဏ် ၁၁ နှစ်အထိ ရှိလာပြီဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဝရမ်းထုတ်ခံခဲ့ရတဲ့ ကိုနောင်ထက်အောင်ဟာ BEGSC ဗဟိုကော်မတီဝင်တွေဖြစ်ကြတဲ့ ဆရာမ ဒေါ်သက်ဆုလှိုင်၊ ဆရာကိုနိုင်သီဟကျော်၊ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်ဟောင်း ကိုရန်စိုးပိုင်တို့နဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်နေ့ညက မန္တလေးမြို့မှာ ဖမ်းဆီးခံခဲ့ရတာပါ။
ဆရာကိုနိုင်းသီဟကျော်နဲ့ ကိုရန်စိုးပိုင်တို့ နှစ်ဦးကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ထောင်ဒဏ် ရှစ်နှစ်စီ ချမှတ်ခဲ့ပါတယ်။
အလားတူပဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ကလည်း ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌဟောင်း ကိုစိုးသူရကျော်ကိုလည်း စစ်ကောင်စီက စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ပါသေးတယ်။
Website တွင် ကြည့်ရှုရန် >>>
 
ဓာတ်ပုံ – ဗကသ