ရဲစခန်းကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရအပြီး လက်နက်ကြီးနဲ့ပစ်လို့ အရပ်သားတဦးသေ၊ တဦးဒဏ်ရာရ

မေ၊ ၃၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့မရဲစခန်းကို မေလ ၃၀ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတာကြောင့် ရဲနှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရတဲ့အတွက် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တုန့်ပြန်လို့ အရပ်သားတဦးသေဆုံးပြီးတဦးဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

“ ဒရုန်းနဲ့ ချခံရတာ၊ သုံးဦးဒဏ်ရာရသွားတယ်၊ ရဲမှူးလည်း ပါတယ်၊ အရပ်သားတဦးလည်း ပါတယ်၊ စခန်းအပေါ်ကို ကျတာလို့ သိတယ်၊ ပြီးတော့ လူနာတင်ကားတွေနဲ့ သယ်သွားတာ တွေ့ရတယ်။” လို့ မြို့ခံတဦးက  DNA ကို ပြောပါတယ်။

ကျုံဒိုးမြို့ပေါ် အမှတ်(၂)ရပ်ကွက်မှာ ရှိတဲ့ ကျုံဒိုးမြို့မရဲစခန်းကို အမည်မသိလက်နက်ကိ်ုင်အဖွဲ့ကမေလ ၃၀ ရက်  မနေ့ မနက် ၈ နာရီခွဲခန့်မှာ ဒရုန်းနဲ့ ဗုံးသီး တလုံးပစ်ချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြား ကြပါတယ်။

အဲဒီဗုံးသီးက မြို့မရဲစခန်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရုံးအတွင်းမှာ ရှိနေတဲ့ ရဲမှူး ခင်ဇော်၊ ဒုရဲအုပ် ကျော်သူရနဲ့ ရုံးမှာ ရှိနေတဲ့ အရပ်သားတဦးဖြစ်တဲ့ ကိုကျော်ကျော်ထွန်းတို့မှာ ခန္ဓာကိုယ်အနှံ့ ဗုံးစဖောက်ထွင်းဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပါတယ်။

“ကြားတာပေါ့နော်၊ ဟို ဒုရဲအုပ်တယောက်နဲ့ အရပ်သားတယောက်က ဒဏ်ရာနည်းနည်းပြင်းထန်တယ်လို့ ပြောတယ်၊ အသက် အန္တရာယ် စိုးရိမ်ရလားဆိုတာက သေချာတော့ မသိဘူးပေါ့နော်။” လို့ အဲဒီမြို့ခံက ပြောပါတယ်။

အဲဒီမြို့မရဲစခန်းတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကို ဒီကနေ့အထိ တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ထားတာမရှိသေးသလို စစ်ကောင်စီဘက်က လည်း ထုတ်ပြန်တာမတွေ့ရသေးပါဘူး။

ကရင်ပြည်နယ်အတွင်းက စစ်ရေးလှုပ်ရှားမှုပါဝင်နေတဲ့ ဒရုန်းတပ်ဖွဲ့ဝင်တဦးကတော့ “ PDF ပူးပေါင်းအဖွဲ့တွေ သွားချတာတော့ ဟုတ်တယ်၊ ကျွန်တော်တို့အဖွဲ့ကတော့ အဲဒီကနေ ပြန်ဆုတ်လာတာကြာပါပြီး၊ တခြားအဖွဲ့တွေ ကျန်နေတာရှိတယ်၊ သူတို့လုပ်တာ လို့ သိထားတယ်ပေါ့နော်” လို့ ပြောပါတယ်။

 

မြို့မရဲစခန်းတိုက်ခိုက်ခံရပြီးနောက် အဲဒီနေ့မှာပဲ ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ(၅၄၅)၊ ခမရ(၅၄၆)တပ်ရင်းကနေ ကျုံဒိုးအနောက်ဘက်ကမ်းဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီး ၁၂၀ မမနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် သရက်တောနဲ့ ညောင်ရိပ်သာကျေးရွာကြားကို ကျရောက်ပေါက်ကွဲမှုဖြစ်ပြီး အရပ်သားတစ်ဦး သေဆုံး ကာ တဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ညောင်ရိပ်သာရွာခံက ပြောပါတယ်။ 

“ ဘေးတွဲမောင်းလာရင်းနဲ့ ထိသွားတာ ဆုံးတာက နိုင်ပု(အဖောက်)ပါ၊ ခြေထောက်နဲ့ခေါင်းကို ထိသွားတာ။ သူက သရက်တောရွာသားပါ၊ နောက်တယောက်က အမျိုးသားပဲ ဒဏ်ရာနည်းနည်းရသွားတယ်၊ မစိုးရိမ်ရဘူး၊ နှစ်ယောက်လုံးက သက်ကြီးပိုင်းတွေ။” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်ကလည်း ကျုံဒိုးမြို့အခြေစိုက် ခမရ(၅၄၆)တပ်ရင်းမှ ကျုံဒိုးမြို့နယ် ကော့ကာကျေးရွာဘက်ကို ၁၂၀ မမနဲ့ ၁၀၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် အရပ်သား သုံး ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ်ခြောက် လုံးလည်း ပျက်စီးခဲ့တယ်လို့ ကေအဲန်ယူ-ဒူပလာယာခရိုင်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်အထိ အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေအပါအဝင် သေဆုံးသူ ၃၅၉၃ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်အရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။