မြောက်ကိုရီးယားရဲ့ သူလျှိုဂြိုဟ်တု လွှတ်တင်ရေး အစီအစဉ် မအောင်မြင်

မေ၊ ၃၁

နိုင်ငံရဲ့ ပထမဆုံး သူလျှို ဂြိုဟ်တု စမ်းသပ် လွှတ်တင်မှုဟာ မအောင်မြင်ခဲ့ဘူးလို့ မြောက်ကိုရီးယားက အတည်ပြု ကြေညာခဲ့ပါတယ်။

 အစောပိုင်းတုန်းက မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့အတွက် ပြည်တွင်းဖြစ် သူလျှို ဂြိုဟ်တုကို ဇွန်လ ၁၁ ရက် မတိုင်ခင် လွှတ်တင်မယ်လို့ ကြေညာခဲ့ပါတယ်။ လက်တွေ့မှာတော့ မေ ၃၁ ရက် မနက်အစောပိုင်းမှာ မြောက်ကိုရီးယားက ဂြိုဟ်တု လွှတ်တင်ခဲ့ပေမယ့် အမှားအယွင်းတွေ ကြုံခဲ့ရတာပါ။

 ဒုံးပျံနဲ့ အတူတွဲ လွှတ်တင်ခဲ့တဲ့ ဂြိုဟ်တုဟာ ပင်လယ်ပြင် တနေရာကို ကျရောက်သွားခဲ့ကြောင်း မြောက်ကိုရီးယားက ဆိုပါတယ်။ ဒါပေမဲ့ လက်မလျှော့သေးဘဲ ဒုတိယအကြိမ် လွှတ်တင်မှုကို အမြန်ဆုံး လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

 မြောက်ကိုရီးယားရဲ့ ဒုံးပျံလွှတ်တင်မှုဟာ ဒုံးကျည် တိုက်ခိုက်မှု တခုလို့ ယူဆပြီး တောင်ကိုရီးယားမှာ အထိတ်တလန့် ဖြစ်ခဲ့သလို ဂျပန်ကလည်း နိုင်ငံမြောက်ပိုင်း အိုကီနာဝါ ဒေသခံတွေကို နိုးနိုးကြားကြား ရှိနေဖို့ သတိပေးထားခဲ့ပါတယ်။

 တောင်ကိုရီးယားရဲ့ ဆိုးလ်မြို့တော်မှာတော့ ဒေသခံတွေဟာ ကျယ်လောင်တဲ့ လေကြောင်း သတိပေး ဥဩသံတွေ၊ လိုအပ်လာရင် အရေးပေါ် ရွှေ့ပြောင်းဖို့ နှိုးဆော်တဲ့ ဖုန်းmessageတွေကြောင့် အလန့်တကြား နိုးထလာခဲ့ကြပါတယ်။ နောက်ထပ် မိနစ် ၂၀ လောက် ကြာတော့မှ အဲဒီ ရှုပ်ရှုပ်ထွေးထွေး အခြေအနေဟာ ထောက်လှမ်းရေး သတင်းမှားတခုဆိုတဲ့ ဖြေရှင်းချက်ကို လက်ခံ ရရှိခဲ့ကြပါတယ်။

 ဆိုးလ်မှာ နေထိုင်တဲ့ အမျိုးသမီး တဦးက သူဟာ မြောက်ကိုရီးယား၊ ဒါမှမဟုတ် တရုတ်က တောင်ကိုရီးယားကို ကျူးကျော်စစ်ပွဲ ဆင်နွှဲပြီလို့ ယူဆပြီး အရမ်း လန့်ဖြန့်သွားခဲ့ကြောင်း ပြောပါတယ်။

 ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကတော့ မြောက်ကိုရီးယားဟာ ဂြိုဟ်တု လွှတ်တင်တာ မဟုတ်ဘဲ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစင်း စမ်းသပ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း၊ ဂျပန် အစိုးရ အနေနဲ့ ဒီကိစ္စကို ကွဲကွဲပြားပြား သိရှိရအောင် ဆန်းစစ်နေကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

 မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်မှုဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ချိုးဖောက်ရာ ရောက်နေတဲ့အတွက် အပြင်းအထန် ရှုတ်ချကြောင်း အမေရိကန် အစိုးရက တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ ပူးတွဲပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

 မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက စစ်သုံး ဂြိုဟ်တုတွေ လွှတ်တင်နိုင်ရေးဟာ သူ့နိုင်ငံရဲ့ ကာကွယ်ရေး အစီအမံတွေအတွက် အရေးအပါဆုံး ခြေလှမ်းတခုလို့ ပြောကြားထားပါတယ်။