သီးမစ်လွင်ပြင်မှာ လေကြောင်းက အတိုက်ခံရတဲ့ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ အကျအဆုံး ထပ်မံတိုးလာ

မေ၊ ၃၁

ချင်းပြည်နယ် ၊ဟားခါးမြို့နဲ့ထန်တလန်မြို့ကြားသီးမစ်လွင်ပြင်တိုက်ပွဲမှာ စစ်ကောင်စီကလေကြောင်းကတိုက်လို့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်အကျအဆုံးထပ်မံတိုးလာပြီးတပ်ဖွဲ့ဝင်  ၂ဝကနေ  ၃၀ ကြား ကျဆုံးခဲ့တယ်လို့ CNDF တပ်မဟာ ( ၁ )တာဝန်ရှိသူ တဦးက DNA ကိုပြောပါတယ်။

” မနေ့ကတော့ ၁၁ ယောက်ကျတာပဲ အတည်ပြုလို့ရသေးတယ်။ ဒါပေမယ့် ဒီနေ့မှ ၂ဝနဲ့၃ဝကြား ကျတယ်လို့ရှေ့တန်းရဲဘော် တဦးက သတင်းပေးလို့ သိရတယ်။မနေ့ကတော့ တပ်တွေ ပြန်ဆုတ်လာပြီ ” လို့အဲဒီတာဝန်ရှိသူကပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကို ဘယ်ကိုဆုတ်ခွာခဲ့တယ်ဆိုတာကိုတော့ အဲဒီတာဝန်ရှိသူက လုံခြုံရေးအခြေအနေအရ ပြောကြားဖို့ ငြင်းဆန်ခဲ့ ပါတယ်။

စစ်ကောင်စီတပ်က မေလ ၂၉ ရက်က လေကြောင်းက တိုက်ခိုက်လို့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံးတယ်လို့ မေလ ၃၀ ရက်က မနေ့က အတည်ပြုခဲ့ပေမဲ့ နောက်ထပ်ကျဆုံးမှုတွေရှိတယ်လို့လည်း ဒီကနေ့မှာ ထပ်မံပြောကြားတာပါ။

စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော် ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေပြီးလေကြာင်းကပါ  ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ယမန့်နေ့မေလ ၃၀ ရက်က တပ်ပြန်ဆုတ်တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဟားခါးနဲ့ ထန်တလန်ကြားက သီးမစ်လွင်ပြင်ဒေသကို ခြေကုတ်ယူပြီး နောက်ထန်တလန်မြို့ ကို ပြန်လည်ရယူဖို့မေလ ၂၅ ရက်ကစပြီး  လေကြောင်းအသာစီးနဲ့ သာမက လက်နက်ကြီးပစ်ကူနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတာလို့ CNDF တာဝန်ရှိသူက ဆိုပါတယ်။

 တပတ်တာကြာမြင့်ပြီဖြစ်တဲ့ အဲဒီထိုးစစ်မှာ စစ်ကောင်စီစစ်ကြောင်းက အထိအခိုက်အကျအဆုံးနဲ့ပတ်သတ်ပြီး Delta News Agency သတင်းဌာနက တိတိကျကျမသိရသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်က မြေပြင်စစ်ကြောင်းထိုးတာသာမက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပေမဲ့ မေလ ၂၉ ရက်က လေကြောင်းတိုက်ခိုက်မှုမှာတော့ တပ်ဖွဲ့ဝင် ၂၀ ကနေ ၃၀ ကြားကျဆုံးတဲ့အပြင်ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပါတယ်။

အခုလိုကျဆုံးမှုဟာ စစ်ကောင်စီကဒီနှစ်ဇန်နဝါရီလက ထန်တလန်မြို့နယ်အတွင်းက ချင်းအမျိုးသားတပ်ဦးCNFဌာနချုပ်ကိုဗုံးကြဲတိုက်ခိုက်လို့ တပ်ဖွဲ့ဝင်ငါးဦးကျဆုံးပြီနောက်အများဆုံးဖြစ်ပါတယ်။

လူဦးရေတသောင်းလောက်သာနေထိုင်တဲ့ ထန်တလန်မြို့နယ်မှာ ဘာသာရေးအဆောက်အအုံတွေအပါအဝင် နေအိမ်အဆောက်အအုံပေါင်း ၁၂၀၀ ကျော်မီးလောင်ပျက်စီးခဲ့သလို ဒေသခံအားလုံးနီးပါးဟာ နေအိမ်တွေက စွန့်ခွာခဲ့ကြပါတယ်။

တော်လှန်ရေးအင်အားစုတွေအားကောင်းတဲ့ ချင်းပြည်နယ်မှာ ပလက်ဝမြို့ကလွဲရင် ထန်တလန်အပါအဝင် ကျန်တဲ့ ရှစ်မြို့နယ်မှာ စစ်ကောင်စီကစစ်အုပ်ချုပ်ရေးကြေညာထားပါတယ်။

လက်ရှိစစ်ကောင်စီစစ်ကြောင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သတ်ပြီးချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ သတင်းမှန်ပြန်ကြားရေးက  တိုက်ပွဲ သတင်း အတိအကျကို ထုတ်ပြန်မှာဖြစ်လို့ အသေးစိတ်အချက်အလက် တွေကို မပြောကြားပါဘူး။

ထန်တလန်မြို့ဟာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော် CANနဲ့ချင်းကာကွယ်ရေးတပ်ဖွဲ့  CDFစခန်းတွေနဲ့ အနီးဆုံးမှာရှိတဲ့အတွက် အရေးပါတဲ့နေရာဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF က ဒေါက်တာဆလိုင်းလျံမှုန်းတာခေါင်းက ဘီဘီစီမြန်မာပိုင်းကို ဒီနှစ်ဆန်းပိုင်းက ပြောထားတာရှိပါတယ်။