နှစ်နှစ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ဖွဲ့ဝင် တရာ့ငါးဆယ်ကျော် ကျဆုံး

မေ၊ ၃၁

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စတင်တည်ထောင်ခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ဖွဲ့က နှစ်နှစ်အတွင်း တပ်ဖွဲ့ဝင် (၁၅၃)ဦးကျဆုံးခဲ့တယ်လို့ တပ်ဖွဲ့တည်ထောင်ခြင်းနှစ်နှစ်ပြည့်အဖြစ် ဒီ ကနေ့ထုတ်ပြန်ရာမှာဖော်ပြထားပါတယ်။

ကရင်နီဒေသတွင်းမှာ အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာကစလို့ လက်ရှိအချိန်အထိ စစ်ကောင် စီ ကို ခုခံတိုက်ခိုက်နေတဲ့ အဲ့ဒီတပ်ဖွဲ့အနေနဲ့ နှစ်နှစ်အတွင်း တိုက်ပွဲပေါင်းတထောင်ကျော်ပါ ဝင်တိုက်ခိုက်ခဲ့ ပြီး ပြီလို့ဆိုပါတယ်။

KNDF အနေနဲ့ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ KNPP/KA၊ KNU/KNLA၊ MNDAA၊TNLA၊AA တပ်ဖွဲ့တွေဆီက စစ်သင်တန်းတွေနဲ့ စစ်ရေးနည်းနာတွေ၊လက်နက်ခဲယမ်းတွေနဲ့ စစ်ရေးအ ကူအညီတွေရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒေသတွင်းမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ/ကရင်နီအမျိုးသားတပ်မတော် (KNPP/KA)ရဲ့ စစ်ရေးဦး ဆောင်မှုဟာ အရေးကြီးပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

KNDF တပ်ဖွဲ့အနေနဲ့ KA တပ်ဖွဲ့အပါအဝင် ပြည်နယ်အတွင်းရှိတပ်ဖွဲ့တွေရဲ့ ဖေးမကူညီမှုတွေရခဲ့သလို ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးလွတ်မြောက်ရေးတပ်မတော် KNU/KNLA ရဲ့ စစ်သင်တန်းတွေနဲ့ စစ်ရေးနည်းနာတွေကို သင်ယူခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA၊TNLA နဲ့ AA တပ်ဖွဲ့တွေကတော့ လက်နက်ခဲယမ်းတွေနဲ့ စစ်ရေးအကူအညီတွေပေးခဲ့တယ်လို့ သိရပါတယ်၊။

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးအတွက် NUG၊NUCCနဲ့ CRPH တို့ရဲ့ ရပ်တည်မှုနဲ့လုပ်ငန်း စဉ်တွေမှာ KNDF အနေနဲ့ ကရင်နီပြည်အတိုင်ခံကောင်စီ KSCC ကတဆင့် ဆက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လည်း ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ဟာ မိုးဗြဲ၊ဒီးမော့ဆို၊ဖယ်ခုံ မြို့နယ်တွေအတွင်းမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ပြီး လွိုင်ကော်မြို့မှာ ဆယ်မိုင်ကျော်အကွာက ဒီးမော့ဆိုမြို့က တိုက်ပွဲတွေဟာ လက်နက်ကိုင်တော်လှန်ရေးကာလအစောပိုင်းမှာထင်ရှားခဲ့ပါတယ်။

KNDF စတင်မတည်ထောင်မီ ရက်ပိုင်းအလို ၂၀၂၁ခုနှစ် မေလ ၂၃ရက်က မိုးဗြဲမြို့နယ် ရဲစခန်းကိုစီးနင်းတိုက်ခိုက် ခဲ့တဲ့တိုက်ပွဲဟာ အဲ့ဒီအချိန်က လူသိများထင်ရှားခဲ့ပါတယ်။အဲ့ဒီနောက် မေလ (၃၁)ရက်မှာ KNDF တပ်ဖွဲ့ကို စတင်တည်ထောင်ခဲ့တာပါ။

KNDF တပ်ဖွဲ့ဟာ တည်ထောင်ပြီးနောက် နှစ်နှစ်အတွင်း တိုက်ရည်ခိုက်ရည်ပြည့်ဝပြီး စည်းကမ်းသေဝပ်တဲ့ တပ်မတော်တရပ်အဖြစ် ခိုင်ခိုင်မာမာရပ်တည်နေတယ်လို့ အမျိုးသားညီညွတ်ရေး  အစိုးရ(NUG)က ဒီကနေ့ ပေးပို့တဲ့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ကရင်နီ(ကယား)ပြည်နယ်ကို လေကြောင်း၊လက်နက်ကြီး၊စတဲ့ သာလွန်လက်နက်တွေ အလွန်အကျွံသုံးပြီးထိုးစစ်ဆင်နေပေမယ့် KNDF အပါအဝင်ကရင်နီဒေသတွင်းကတော်လှန်ရေး အင်အားစုတွေ ဟာ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်မှုတွေလည်းရှိနေပါတယ်။

 မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ MNDAA၊TNLAနဲ့ AA တို့က KNDF နှစ်နှစ်ပြည့် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာလည်း KNDF ဟာ လက်ရှိ မှာ စစ်ကေင်စီရဲ့ထိုးစစ်ကို အကောင်းဆုံးခုခံတိုက်ခိုက်နိုင် နေပြီး ကရင်နီတို့ရဲ့သမိုင်းသစ်ကို အပြောင်မြောက် ဆုံး ရေးထိုးနိုင်တဲ့ အဖွဲ့အစည်းတခုအဖြစ် တိုက်ပွဲတွေ၊ လုပ်ရပ်တွေနဲ့ သက်သေပြပြီးဖြစ်တယ်လို့ ဂုဏ်ပြုထားပါတယ်။