အဆိုးဆုံး အခြေအနေတွေအတွက် ကြိုပြင်ထားဖို့ အမျိုးသား လုံခြုံရေး အရာရှိတွေကို ရှီကျင့်ဖျင် ညွှန်ကြား

မေ၊ ၃၁

အဆိုးဆုံး အခြေအနေတွေအတွက် ကြိုတင် တွေးတောပြီး ပြင်ဆင်ထားကြဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က နိုင်ငံရဲ့ အမျိုးသား လုံခြုံရေး အရာရှိတွေကို သတိပေး ပြောကြားလိုက်ပါတယ်။

အာဏာရ ကွန်မြူနစ် ပါတီဟာ ပြည်တွင်းပြည်ပ ခြိမ်းခြောက်မှုတိုင်းကို ပိုပြီး တင်းတင်းမာမာ တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားသလို ကြုံလာနိုင်တဲ့ မုန်တိုင်းထန်မယ့် ကာလတွေ အတွက်ပါ အစစ အရာရာ ကြိုတင် ပြင်ဆင်ထားဖို့ ရှီက ပြောခဲ့တာပါ။

တရုတ်နိုင်ငံ ကြုံနေတဲ့ အမျိုးသား လုံခြုံရေး ကိစ္စတွေရဲ့ ရှုပ်ထွေးမှုနဲ့ အခက်အခဲတွေဟာ အခုအခါ ပိုပြီး ထင်သာမြင်သာ ဖြစ်လာနေတယ်လို့ ရှီက ဆိုပါတယ်။ ဒါကြောင့် ပါတီရဲ့ အမျိုးသား လုံခြုံရေး ကော်မရှင်ဟာ ကြုံလာနိုင်သမျှ အဆိုးတကာ့ အဆိုးဆုံး အခြေအနေတွေကိုပါ ကြိုတင် စဉ်းစားပြီး ဘက်ပေါင်းစုံ ပြင်ဆင်ထားသင့်ကြောင်း၊ တရုတ်ဟာ မုန်တိုင်းထန်တဲ့ ကာလတွေရဲ့ ဆန်းစစ်မှုကို ရင်ဆိုင်လာရနိုင်ကြောင်း သမ္မတက သတိပေးသွားခဲ့တယ်လို့ အစိုးရပိုင် မီဒီယာတွေက ဖော်ပြပါတယ်။

တရုတ်ဟာ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေ အတော်များများနဲ့ ရင်ဆိုင်လာရတဲ့ ကာလမျိုးမှာ နိုင်ငံသမိုင်းတလျှောက် ဩဇာအကြီးဆုံး ခေါင်းဆောင်တဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ရှီဆီကနေ အခုလိုမျိုး တင်းမာတဲ့ ညွှန်ကြားချက်တခု ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ရှီက နိုင်ငံရဲ့ ကာကွယ်ရေး စစ်လက်နက် ယန္တရားတွေကို ခေတ်နဲ့အညီ အဆင့်မြှင့် မွမ်းမံဖို့ လိုအပ်ကြောင်း အလေးအနက် တိုက်တွန်းခဲ့ပြီး လုံခြုံရေး ကဏ္ဍအတွက် အမှန်တကယ် တိုက်ပွဲဝင်ရမယ့် အချိန်မျိုးမှာ တကယ်တမ်း အသုံးဝင်နေဖို့ အရေးကြီးကြောင်းလည်း ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်ဟာ အမေရိကန်နဲ့ ဆက်ဆံရေး အခြေအနေတွေ ပိုမို တင်းမာလာခဲ့သလို တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုလိုမျိုး ပထဝီဝင် နိုင်ငံရေး ပြဿနာတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။ ရှီဟာ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က တရုတ်သမ္မတ ဖြစ်လာချိန် ကတည်းက နိုင်ငံရဲ့ အမျိုးသား လုံခြုံရေး ကဏ္ဍကို အရေးအကြီးဆုံး ဦးစားပေး မူ​ဝါဒ တခုအဖြစ် လက်ကိုင်ပြုခဲ့ကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။

 

Ref: CNN