မွန်ပြည်နယ်က ဦးစီးအရာရှိ သုံးဆယ်နီးပါးကို လက်နက်ထုတ်ပေးဖို့ စီစဉ်နေ

မေ၊ ၂၈

အာဏာသိမ်းစစ်ကောင်စီဟာမွန်ပြည်နယ်အတွင်းက အရပ်ဘက်ဌာနဆိုင်ရာရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဦးစီးအရာရှိအဆင့်အရာထမ်းသုံးဆယ်နီးပါးကိုလက်နက်ထုတ်ပေးဖို့ စီစဉ်နေပြီလို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။

“ အဓိက ဦးစီးအရာရှိအဆင့်ရှိသူတွေပဲ၊ ထုတ်ပေးတာပါ၊ အဓိကတော့ လုံခြုံရေးအရ လျှောက်ထားကြတဲ့သူတွေလည်း ပါသလို၊ တချို့ကျတော့ လိုအပ်ချက်အရ ပေးကိုင်လိုက်တဲ့ပုံစံမျိုးလည်းပါတယ်၊ အကျုံးဝင်မှာကတော့ လျှောက်ထားခွင့်အထဲကနေ အကျုံဝင် သွားတာပေါ့နော်။ ဦးစီးအရာရှိတောင်မှ အားလုံးတော့ မဟုတ်ဘူးနော်။ ” လို့ပြည်နယ်အစိုးရအဖွဲ့ကအမည်မဖော်လိုသူအရာရှိကြီးတဦးကပြောပါတယ်။

စစ်ကောင်စီရဲ့လက်နက်ဥပဒေအရ လက်နက်ကိုင်ဆောင်ခွင့်လျှောက်ထားသူတွေကော လိုအပ်ချက်အရကိုင်ဆောင်သင့်တဲ့သူတွေထဲက ဦးစီးအရာရှိအဆင့်ရှိသူအရာထမ်းသုံးဆယ်ခန့်ကို လက်နက်ထုတ်ပေးဖို့စီစဉ်တာလည်းဖြစ်ပါတယ်။

အဲဒီလိုထုတ်ပေးလိုက်တာဟာ ပါမစ်နဲ့လား၊ လိုင်စင်နဲ့လား အတည်ပြုပေးနိုင်ခြင်းမရှိသေးဘဲ စစ်ကောင်စီနဲ့ နီးစပ်သူတွေပြောဆိုချက်အရ ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုတာဖြစ်ပြီး ပစ္စတိုကဲ့သို့သော လက်နက် အမျိုးအစားတခု တည်းကိုသာ ထုတ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံနဲ့အဝှန်းလက်နက်ကိုင်တော်လှန်မှုကြောင့် အင်အားနည်းပါးလာတဲ့ စစ်ကောင်စီဟာ အင်အားဖြည့်တင်းမှုတရပ်အနေနဲ့ သာမန်အရပ်သားတွေအပါအဝင် နိုင်ငံဝန်ထမ်းတွေပါ လက်နက်လိုင်စင်ထုတ်ပေးဖို့ မူတရပ်ကို ဇန်နဝါရီလ ၃၁ ရက်စွဲနဲ့ထုတ်ပြန်ထားတာပါ။

အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်ချက်နဲ့ ဝန်ထမ်း၊ အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီထောက်ခံသူပေါင်း ၅၄၄၃ ဦးသေဆုံး၊ ဒဏ်ရာရ ၄၅၇၇ ဦးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

 စစ်ကောင်စီဟာ အဲဒီအတွက်ကာကွယ်မှုတရပ် ပေးချင်တဲ့အတွက်လည်း ၁၉၇၇ ခုနှစ်၊ မေလ ၉ ရက်မှာပြဌာန်းခဲ့တဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို ပြင်ဆင်ဖြည့်စွက်ပြီး အသစ်ပြဌာန်းလိုက်တာဖြစ်နိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒါပေမယ့် စစ်ကောင်စီက ထုတ်ပေးမယ့် လက်နက်တွေဟာ သက်ဆိုင်ရာဝန်ထမ်းတွေဆီကို ပေးအပ်တာမျိုးမရှိသေးဘဲ စစ်ဘက် ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေမှာသာ သိမ်းဆည်းထားပြီး ယခုလကုန်ပိုင်းမှာ ပေးအပ်သွားမယ်လို့သာ ပြောဆိုထားတယ်လို့ ဆိုပါတယ်။

“ မပေးတော့ မပေးရသေးဘူးပေါ့၊ ဒီလကုန်လောက်မှာပဲ ထုတ်ပေးမယ်လို့ စီစဉ်ထားတယ်။ အခုတော့ တပ်က သိမ်းထားပါတယ်။” ပြည်နယ်အစိုးရအဖွဲ့အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ မူမှာဆိုရင် လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ သေနတ်အမျိုးအစား၊ ပါမစ်နဲ့ ကိုင်ဆောင်ခွင့် သေနတ် အမျိုးအစာဆိုပြီးနှစ်မျိုးခွဲကာသေနတ်ကိုင်ဆောင်ခွင့်ကိုတော့ နိုင်ငံဝန်ထမ်းမဟုတ်တဲ့ အရပ်သားတွေ၊ နိုင်ငံဝန်ထမ်းတွေ၊ တပ်မတော်သားတွေ လျှောက် ထားခွင့်ရှိတယ်လို့ ပြောဆိုထားပါတယ်။

ဒါအပြင် လိုင်စင်နဲ့ သေနတ်ကို ပြည်သူ့ဝန်ထမ်းတွေ မဟုတ်တဲ့ သာမန်အရပ်သားတွေသာ လျှောက်ထားကိုင်ဆောင်နိုင်ပြီး ပါမစ်နဲ့ သေနတ်ကိုတော့ အစိုးရပိုင်သေနတ်အဖြစ်မှတ်ပုံတင်ရမှာဖြစ်ပါတယ်။

စစ်ကောင်စီက လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူထုတ်ပြန်ပြီး နှစ်လအကြာ မွန်ပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ နီးစပ်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရပ်ကျေးအုပ်ချုပ်ရေးအပိုင်းတွေအပါအဝင် ၁၅၀ ကျော်က စစ်ကောင်စီထံလျှောက်ထားခဲ့ပြီး အဲဒီထဲက လူတွေကို စစ်ကောင်စီက သေချာစိစစ်ကာ လက်နက်တွေ ထုတ်ပေးထားတာ ရှိခဲ့ပါတယ်။

မော်လမြိုင်ခရိုင်ရုံးမှာထိုင်တဲ့ ဦးစီးအရာရှိအဆင့်ရှိတဲ့ အရာထမ်းတဦးကတော့ “ အစကတည်းက ထုတ်ပေးထားတဲ့ သူတွေရှိတယ်၊ အခုနောက်ပိုင်းက အခြေအနေက အချိန်မရွေးလုပ်ကြံခံရနိုင်တော့လေ၊ အဲဒါကြောင့် အရာရှိပိုင်းတွေ အများစုက လျှောက်ထားကြတယ်ပေါ့၊ သိတာတော့ ပါမစ်နဲ့ပါပဲ။ လျှောက်ထားဆဲ အောက်ခြေဝန်ထမ်းတချို့လည်း ရှိပါတယ်။ နည်းတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ မပေးဘူးလို့လည်း သိရတယ်။” လို့ ပြောပါတယ်။

စစ်ကောင်စီဟာအဲဒီလိုလက်နက်တွေကိုလိုင်စက်နဲ့ထုတ်ပေးနေသလိုတဖက်ကလည်းအသွားသုံးလက်မထက်ပိုတဲ့ မောင်းချဓားဆောင်ထားရုံနဲ့ အနည်းဆုံး ထောင်ဒဏ်ခြောက်လ ကနေ အများဆုံး သုံးနှစ်အထိကျခံရနိုင်တဲ့လက်နက်ဥပဒေကို မေလ ၁၁ ရက်စွဲနဲ့ ပြ ဌာန်းထားပါတယ်။