ကျိုက္ခမီမြို့ အထကကျောင်းမှာ အစုအလိုက်အပြုံလိုက် ကိုဗစ်ကူးစက်ခံရ

မွန်ပြည်နယ် ကျိုက္ခမီမြို့မှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းမှာ ဆရာ၊ဆရာမတွေအပါအဝင် ကျောင်းသား၊ကျောင်းသူ အယောက် ၄၀ ကျော်မှာ ကိုဗစ်ကူးစက်ခံထားရတာကို တွေ့ရှိရတယ်လို့ ဒေသခံလူမှုရေး အသင်းအဖွဲ့တွေထံက သိရပါတယ်။
ကျောင်းသားတစ်ဦးမှာ ကိုဗစ်ရောဂါကူးစက်ခံထားရတာကို တွေ့ရှိရပြီးနောက် ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ စာသင်ခန်းနီးစပ်တဲ့ ကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတွေကို စစ်ဆေးခဲ့ရာမှာ ၄၀ ကျော်ထိ ကူးစက်ခံထားရတာကို တွေ့ရှိရတာပဲဖြစ်ပါတယ်။
ထပ်မံပြီး တစ်ကျောင်းလုံးမှာရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေကို ဆက်လက်စစ်ဆေးရာမှာတော့ ကိုဗစ်ကူးစက်ခံထားရသူ ရှိမရှိကို ထုတ်ပြန်ပေးခြင်း မရှိသေးပါဘူး။
ရောဂါကူးစက်ခံထားရတဲ့ ကျောင်းသား၊ကျောင်းသူတွေနဲ့ ဆရာ၊ဆရာမတွေကို ကျောင်းထဲမှာပဲ ကွာရန်းတင်းထားရှိထားပြီး ကျောင်းကို ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ကိုဗစ်ကူးစက်ခံရမှု မြင့်မားနေချိန်မှာ လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲတွေကို ဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်။