ဆယ်ရက်ကြာတိုက်ပွဲတွေအတွင်း လက်နက်(၁၆) လက်နဲ့ သုံ့ပန်းနှစ်ဦးရခဲ့တယ်လို့ KNDFပြော

မေ ၊ ၂၅

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ အရှေ့ဖက်ခြမ်းမှာ မေလ ၁၄ရက်ကနေ ၂၃ ရက်အထိ ဆယ်ရက်တာ တိုက်ပွဲတွေအတွင်း ရိုင်ဖယ်သေနတ်အများစု၊ ပခုံးထမ်းလောင်ချာ RPG နှစ်လက်အ ပါအဝင်လက်နက်မျိုးစုံ (၁၆)လက်သိမ်းဆည်းနိုင်ခဲ့သလို သုံ့ပန်းနှစ်ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ကထုတ်ပြန်ပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်း ဒေါလျားခူကျေးရွာအနီးတောင်တွေပေါ်တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက မေလ ၁၄ရက်ကစလို့ တန်ပြင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ဆယ်ရက် ကြာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ် ကြီးတဦး ၊ ဗိုလ်နှစ်ဦးအပါအဝင်စုစုပေါင်းလေးဆယ်နီးပါးသေဆုံးခဲ့သလို ကရင်နီပူးပေါင်းတပ်ဘက်ကလည်း KNDF တပ်ဖွဲ့ဝင် ခုနစ်ဦးနဲ့ ကရင်နီတပ်မတော်(KA)တပ်ဖွဲ့ဝင် တဦးကျဆုံးခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဒဏ်ရာရသူတွေအများအပြားရှိတယ်လို့ဖော်ပြထားပေမယ့် ကရင်နီတပ်တွေဘက်က ဒဏ်ရာရရှိမှုအခြေအနေကိုတော့ ဖော်ပြထားတာမရှိပါဘူး။

အဲ့ဒီဆယ်ရက်ကြာတိုက်ပွဲအတွင်းအထိနာခဲ့တဲ့စစ်ကောင်စီတပ်တွေဟာ တနီးလာခဲကျေးရွာ တနီးလာလဲကျေးရွာအရှေ့ဘက် တောင်ကြောပေါ်သို့တဖြေးဖြေးဆုတ်ခွာသွားပြီး လက်ရှိမှာ တိုက်ပွဲဆက်ဖြစ်နေသေးတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ လွိုင်ကော်၊ ငွေတောင်နဲ့ဖရူဆို အခြေစိုက် တပ်တွေဟာနေ့စဥ် လက် နက်ကြီးအလွံအကျွံ အသုံးပြုပစ်ကူပေးခဲ့ပြီး ဂျက်ဖိုက်တာတွေနဲ့ အကြိမ်ရေခြောက်ဆယ်ထက်မနည်း ဗုံးကြဲမှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့လည်း KNDF ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့အဲ့ဒီနယ်မြေတွေထဲကိုပြည်သူတွေဖြတ်သန်းသွားလာမှုမလုပ်ကြဖို့လည်း KNDF ကအသိပေးထားပါတယ်။

PHOTO KNDF