ဇွန်ဒုတိယအပတ် ကရင်နီပြည်နယ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂၂ ဦးသေ

ကရင်နီပြည်မှာ ဇွန်လဒုတိယအပတ် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်သား ၂၂ ဦး သေဆုံးခဲ့ ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။
ဇွန်လဒုတိယအပတ်အတွင်း အကြမ်းဖက်စစ်တပ်ဟာ ဖရူဆိုမြို့နယ် ကနေတစ်ဆင့် ဒီးမော့ဆိုမြို့နယ် နဲ့ လွိုင်ကော်မြို့နယ်တွေဆီ တပ်ချိန်းပြောင်းဖို့ စစ်ကြောင်းထိုးခဲ့ရာ ဖရူဆိုနဲ့ ဒီးမော့ဆို မြို့နယ်ကြားရှိ ထီးပေါ့ဆိုကျေးရွာ နဲ့ ဒေါညေးခူကျေးရွာတို့မှာ ကရင်နီပူးပေါင်းတပ်၊ PDF ပူးပေါင်းမဟာမိတ်တွေနဲ့ စစ်တပ်ကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
ဇွန်လ (၁၂)ရက် ညတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်သားထိခိုက်ကျဆုံးမှု (၁၀)ဦးထက်မနည်း ရှိခဲ့ပြီး လက်နက်ငယ် (၈) လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ပါတယ်။
​ဇွန်လ (၁၄) ရက်နေ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဟာ ကျေးရွာအတွင်းရှိ နေအိမ်(၄)လုံးကို မီးရှို့ခဲ့ပြီး တစ်ရွာလုံးက နေအိမ်တွေကို ဖောက်ထွင်းခြင်းအပြင် ခရစ်ယာန်ဘုရားကျောင်းကို လက်နက်ကြီးနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း KNDF ကထုတ်ပြန်ပါတယ်။
ဇွန်လ (၁၅) ရက်နေ့မှာလည်း တိုက်ပွဲပြင်း ထန်ခဲ့ပြီးစစ်တပ်ဟာ ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းမှာ တပ်စွဲကာ သူတို့ ဆုတ်ခွာချိန်မှာ ဘုရားကျောင်း၊ ဘုန်းတော်ကြီးနေအိမ်နဲ့ ဓမ္မာရုံတို့ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။အဲဒီနေ့တိုက်ပွဲ အတွင်း စစ်သား ၄ဦးသေဆုံးခဲ့ပါတယ်။
စံပြ(၆)မိုင် နဲ့ ဘက်တလင် ကျေးရွာတို့မှာ ဇွန်လ​(၄)ရက်နေ့ကနေ ဇွန်လ(၁၁)ရက်နေ့ အထိ နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စံပြ(၆)မိုင်ကျေးရွာအတွင်းစစ်တပ်က တပ်စွဲ ထားပါတယ်၊ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်တပ်စွဲထား တဲ့ ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာအနီးမှာ KNDF တပ်နဲ့ ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားခဲ့ပါတယ်။
ဇွန်လ (၉) ရက်နေ့မှာ လွိုင်ကော်မြို့နယ်၊ ပကြဲကျေးရွာ နဲ့ ပဒါးညေးကျေးရွာ အနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ကျေးရွာအတွင်းရှိ ဘုန်ကြီးကျောင်းအပါအဝင် လူနေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးခဲ့ပါတယ်။
ဇွန်လဒုတိယအပတ် တိုက်ပွဲတွေအတွင်း ကရင်နီပူးပေါင်းတပ်ဘက်က ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။
Photo – KNDF