စစ်ကောင်စီက တက္ကသိုလ်ဝင်တန်းစနစ်ဟောင်းစာမေးပွဲကို ဖျက်သိမ်းပြီး စနစ်သစ်စတင်

မေ ၊ ၂၅

အာဏာသိမ်းစစ်ကောင်စီက ပညာရေးပြုပြင်ပြောင်းလဲမှုအနေနဲ့ဒီနှစ်မှာတက္ကသိုလ်ဝင်တန်းစနစ်ဟောင်းစာမေးပွဲကို ဖျက်သိမ်းပြီး စနစ်သစ်ကို ကူးပြောင်းကာ သင်ရိုးသစ် ၁၂တန်း(Grade12)ကိုသာ ကျင်းပတော့မှာဖြစ်တဲ့အတွက်ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။

စနစ်သစ်ပညာရေးအတွက်ပြင်ဆင်မှုတရပ်အနေနဲ့Grade 5၊Grade9နဲ့Grade12မှာသင်ကြားကြမယ့်ဆရာ၊ဆရာမတွေကို ဒီလအတွင်းမှာ အနီးကပ်ဆယ်ရက် ကိုတက္ကသိုလ်က သက်ဆိုင်ရာ ဆရာဆရာမတွေနဲ့သင်တန်းပေးခဲ့ပါတယ်။

“သင်ရိုးသစ်အတွက် အနီးကပ်(သင်တန်း)ပေးတာပါ။ Grade 12မှာ Privateကျောင်းဆရာတွေလည်းတက်လို့ရပါတယ်”လို့ သင်တန်းတက်ခဲ့တဲ့တောင်ငူမြို့ကကိုယ်ပိုင်ကျောင်းတကျောင်းကဆရာတဦးကပြောပါတယ်။

 ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ခုနှစ် ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အကြောင်းအမျိုးမျိုးကြောင့် လာရောက်မဖြေဆိုခဲ့တဲ့ ကျောင်းသားတွေနဲ့ စာမေးပွဲကျရှုံးခဲ့တဲ့ ကျောင်းသားတွေကို ယခုနှစ် စာသင်နှစ်မှာတော့ စာမေးပွဲဖြေဆိုခွင့်ပေးတော့မှာ မဟုတ်ဘဲ စနစ်သစ်မှာသာ ဆက်လက် ပညာသင်ကြားနိုင်တယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်၊၊

အဲ့ဒီစာမေးပွဲ မဖြေခဲ့တဲ့ကျောင်းသားတွေနဲ့ စာမေးပွဲမှာ ကျရှုံးခဲ့တဲ့ ကျော င်းသားတွေအနေနဲ့ ကျောင်းပြန်တက်ခွင့်မရှိတော့ပေမယ့် ကိုယ်တိုင် သင်ခန်းစာတွေ လေ့လာတာ၊ ပြင်ပကျူရှင်တွေမှာ တက်ရောက်တာတွေလုပ်ပြီးတော့သာ  စနစ်သစ် စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရှိမယ်လို့ လည်း ဆိုပါတယ်။

စစ်ကောင်စီက ပညာရေးစနစ်ကိုအကောင်အထည်ဖော်ဖို့ကြိုးစားနေပေမယ့် အာဏာသိမ်းတာကိုလက်မခံဘဲ စစ်ကောင်စီလက်အောက်ခံစာသင်ခန်း​တွေကိုစွန့်ခွါခဲ့တဲ့ ဆရာ၊ဆရာမတွေနဲ့ကျောင်းသူ၊ကျောင်းသားသိန်းနဲ့ချီရှိနေပါသေးတယ်။

“ကျနော်အနေနဲ့တော့ စစ်ကောင်စီရဲ့ပညာရေးကို သပိတ်မှောက်ခဲ့တာကြောင့် အခုလည်းသပိတ်မှောက်နေဆဲပါဘဲ။ ကျောင်းမတက်တော့ဘဲ ကျနော်စိတ်ဝင်စားတာတွေကို အွန်လိုင်းကလေ့လာတယ်၊နောက်ပြီး ဘာသာစကားတွေ လေ့လာဖြစ်တယ်၊၊ ကျောင်းမတက်ပေမယ့် ကိုယ့်အနာဂတ်မှာဖြစ်ချင်တာတွေကို အွန်လိုင်းကလေ့လာနေရတော့ ကျနော့်အတွက်တော့ ဘာမှဖြစ်မသွားဘူး၊၊ စာမေးပွဲဖြေချင်တဲ့သူတွေကလည်း အရင်နှစ်တွေထဲက ဖြေပြီးပြီဆိုတော့ ကျနော့်အသိထဲလည်း ထူးထူးခြားခြားမပြောင်းလဲသွားပါဘူး’’လို့ တက္ကသိုလ်ဝင်တန်းကို ၂၀၂၁ခုနှစ်ကတည်းက  CDMလုပ်ထားခဲ့တဲ့ ကိုဗညားက  DNAကိုပြောပါတယ်၊၊

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပထမဆုံးကျင်းပတဲ့ ၂၀၂၁- ၂၀၂၂ စာသင်နှစ်အတွက်  တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့စာရင်းပေးသူ ၃ သိန်းကျော် ‌ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လကမှကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၂ -၂၀၂၃ စာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတော့ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးခဲ့သူ ၁သိန်း ၇ သောင်းကျော်သာ ရှိခဲ့ပါတယ်။  

အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်မဖြေဆိုပဲ သပိတ်မှောက်ခဲ့တဲ့ CDM ကျောင်းသူ၊ကျောင်းသားပေါင်း နိုင်ငံတဝန်း ၇ သိန်းလောက် ရှိတယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUGကထုတ်ပြန်ထားပါတယ်။

ဒါအပြင့်အမျိုသားညီညွတ်ရေးအစိုးရရဲ့ပညာရေးဝန်ကြီးဌာနကလည်းကြားကာလပညာရေးအစီအစဉ်တရပ်ကို၂၀၂၁ခုနှစ်၊ နှစ်လယ်ကစပြီးအကောင်အထည်ဖော်နေတာလည်းရှိပါတယ်။

“စနစ်သစ်ပြောင်းမယ်ဆိုတာက အရင်ထဲက အရပ်သားအစိုးရထဲက သတ်မှတ်ထားပြီးသားပါ။ အဲ့တော့  အထူးတလည်

ပြောစရာမရှိပါဘူး။ စစ်ကောင်စီကျောင်းမှာတက်နေတဲ့သူတွေကတော့ သူတို့သင်ရိုးတွေအတိုင်းသွားမှာဆိုတော့ အခက်အခဲမရှိလောက်သလို CDMကျောင်းသားတွေကလည်း အခုနောက်ပိုင်းဆို သူတို့က  ကျောင်းသင်ခန်းစာတွေ သိပ်စိတ်မဝင်စားကြဘူး၊သူတို့က ဘာသာစကားတို့၊ လူမှုသိပ္ပံတွေ စိတ်ဝင်စားကြတယ်၊၊ အချို့ကလေးတွေဆို သူတို့ဝါသနာပါတာတွေကို အွန်လိုင်းက နိုင်ငံခြားက websiteတွေက ရှာဖွေတက်ကြတယ်၊ လေ့လာကြတယ်ဆိုတော့ ပညာရေးက အရင်ကလို ဆရာကသင်ပေးမှ တတ်တဲ့ခေတ်မဟုတ်တော့ဘူး၊ကိုယ့်ဘာသာ အချိန်မရွေးအလွယ်တကူ သင်ယူနေနိုင်ပြီဆိုတော့ ကျောင်းသားတွေက အထူးတလည်ပြောင်းလဲသွားမယ်မထင်ဘူး၊ စစ်ကောင်စီကတော့ သူ့လုပ်ရမယ့် လုပ်ငန်းစဉ်တွေအတိုင်းဆောင်ရွက်နေမှာဘဲ၊ ကျနော်တို့ကလည်းကိုယ့်အလုပ်ကို လုပ်သွားကြဖို့ လိုပါတယ်”လို့ ကြားကာလကျောင်းတကျောင်းမှာ စာသင်နေတဲ့  CDM ကျောင်းဆရာတဦးကသုံးသပ်ပါတယ်၊၊

အခြေခံပညာရေးဦးစီးဌာနမှာ သင်ကြားရေးဆရာ၊ဆရာမနဲ့စီမံဝန်ထမ်းပေါင်းလေးသိန်းခွဲကျော်ထဲမှာတသိန်းနှစ်သောင်းကျော်ဟာ CDMလှုပ်ရှားမှုထဲပါဝင်တယ်လို့စစ်ကောင်စီက ၂၀၂၁ခုနှစ်၊ဧပြီလကထုတ်ပြန်ထားပါတယ်။

စနစ်အသစ် ပညာရေးသင်ရိုးသစ်ကို ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ပညာသင်နှစ်မှာစတင်ခဲ့ဖြစ်ပြီး ၈တန်းအောင်ကျောင်းသားတွေအနေနဲ့ G10(စနစ်သစ်)ကို ဆက်လက်ပညာသင်ကြားစေခဲ့ပါတယ်။ 

ဒါ့အပြင့်၂၀၂၂ – ၂၃ ခုနှစ်ပညာသင်နှစ်ဟာ တက္ကသိုလ်ဝင်စာမေးပွဲ သင်ရိုးဟောင်းအတွက်ကျင်းပပေးခဲ့တာနောက်ဆုံးဖြစ်ပြီးဒီနှစ်၂၀၂၃-၂၀၂၄ခုနှစ်မှာစနစ်သစ်စတင်တာဖြစ်တဲ့အတွက်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျင်းပသွားမှာမဟုတ်ဘူးလို့ စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ကြီးဌာနကဆိုထားပါတယ်။