သာကေတ-သန်လျင်ရထားသံလမ်းပေါက်ကွဲမှုကြောင့် ဧည့်စာရင်းစစ်ပြီး လူငယ်အချို့ကိုရှာဖွေနေ

မေ၊ ၂၄
 
ရန်ကုန်မြို့၊ သာကေတမြို့နယ်နဲ့ သန်လျင်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ရထားသံလမ်းပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက အနီးနားရပ်ကွက်ကို ဧည့်စာရင်းစစ်ဆေးတာတွေလုပ်ပြီး လူငယ်အချို့ကို ရှာဖွေနေတယ်လို့ သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက် ဒေသခံတွေက DNA ကိုပြောပါတယ်။
 
” တိုင်းရင်းသားကျေးရွာအနီး ၁၆ ပေ ကုန်းထိပ်နားက ရထားသံလမ်းမှာ ပေါက်တာ။ ညက ပေါက်ကွဲအသံကတော့ အကျယ်ကြီးပဲ။ ထိခိုက်ပျက်ဆီးမှုတော့ မသိရသေးဘူး။ အဲ့လည်းပြီးရော ဧည့်စာရင်းစစ်တာ တရက်ကွက်လုံးလိုလိုပဲ ” လို့ ၁၀/တောင်ရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။
 
အဲဒီရထားလမ်းပိုင်းမှာ မေလ ၂၃ ရက်မနေ့က ည ၉ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွါးပြီး စစ်ကောင်စီတပ်တွေက ညတွင်းချင်းဧည့်စာရင်းစစ်တာ၊ လုံခြုံရေးတင်းကျပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။
 
လက်ရှိအချိန်အထိတော့ ဒီပေါက်ကွဲမှုဖြစ်စဥ်ဟာ ဘယ်အဖွဲ့လုပ်ဆောင်တယ်ဆိုတာကို ထုတ်ပြန်ကြေညာတာ မတွေ့ရသေးပါဘူး။
 
လက်ရှိဒီကနေ့မေ ၂၄ ရက်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ယာဥ်ထိန်းရဲတွေဟာ သာကေတမြို့နယ်ဘက်အခြမ်းအပြင် သန်လျင်မြို့နယ်ဘက်တွေမှာလည်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
 
“ အခုချိန်ထိတော့ ဖမ်းစီးခံရတာမကြားသေးဘူး ” လို့ ၁၀/တောင်ရပ်ကွက်ဒေသခံက ပြောပါတယ်။
 
သာကေတမြို့နယ်နဲ့ သန်လျင်မြို့နယ်ကို ဆက်သွယ်ထားတဲ့ အဲ့ဒီရထားသံလမ်းပိုင်းဟာ သီလ ဝါဘက်ကနေ လေယာဥ်ဆီတွေ သယ်ဆောင်တာတွေကြောင့် အခုလို ဖောက်ခွဲတာဖြစ်နိုင်တယ်လို့ အောင်ချမ်းသာရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။
” အဲ့ဒီရထားလမ်းက စစ်ကောင်စီတပ်တွေ ညဘက်ဆို လေယာဥ်ဆီသယ်တာလေ။ အဲ့ဒါကြောင့်ဖြစ်နိုင်တယ်။ အခုထိလည်း ဒီဘက်မှာက စစ်တာ ဆိုင်ကယ်တွေကို အဓိကထားစစ်တာပေါ့ ” လို့ အောင်ချမ်းသာရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။ 
ဓာတ်ပုံ – Google
ပုံစာ – ရန်ကုန်တိုင်း၊ သန်လျင်မြို့နဲ့ သာကေတမြို့တို့ကို ဆက်သွယ်ထားတဲ့ သန်လျင်တံတားကို တွေ့ရစဥ်။