တရုတ်ရဲ့နောက်ဆုံးဘုရင် ဝတ်ခဲ့တဲ့ လက်ပတ်နာရီကို စံချိန်တင်ဒေါ်လာငါးသန်းကျော်နဲ့ လေလံတင်ရောင်းချ

မေ၊ ၂၄

တရုတ်ရဲ့ နောက်ဆုံး ဧကရာဇ် ဝတ်ဆင်ခဲ့ရာ လက်ပတ်နာရီကို လေလံတင် ရောင်းချရာမှာ စံချိန်တင် ဒေါ်လာ ၅ သန်းကျော်ထိ ရရှိသွားခဲ့ပါတယ်။

ချင်မင်းဆက်ရဲ့ နောက်ဆုံးဘုရင် ဖြစ်ခဲ့သူ အိုင်ဆန် ဂီယိုရို ပူယီ ဝတ်ဆင်ခဲ့တဲ့ Patek Philippe အမျိုးအစား နာရီကို မေလ ၂၃ ရက်က ဟောင်ကောင် လေလံပွဲ တခုမှာ အမြင့်ဆုံးစျေး အမေရိကန် ဒေါ်လာ ၅.၁ သန်းနဲ့ ဝယ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဝယ်ယူသူရဲ့ နာမည်ကိုတော့ Phillips Asia လေလံဌာနက မထုတ်ပြန်ခဲ့ပါဘူး။

လေလံဌာနရဲ့ လက်ပတ်နာရီဆိုင်ရာဌာန အကြီးအကဲ သောမတ်စ် ပီရက်ဇီက ဘုရင်တပါး ပိုင်ဆိုင်ခဲ့ဖူးတဲ့ လက်ပတ်နာရီတွေထဲမှာတော့ ဒီတခုက စျေးအမြင့်ဆုံး ကမ္ဘာ့စံချိန်တင်သွားကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

တန်ဖိုးကြီး နာရီ အမှတ်တံဆိပ် Patek Philippeဟာ Reference 96 Quantieme Lune အမျိုးအစား နာရီ စုစုပေါင်း ၈ လုံးလောက်သာ ဖန်တီးခဲ့ဖူးတယ်လို့ ယူဆရပြီး အဲဒီထဲက တလုံးကို ပူယီက ပိုင်ဆိုင်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ပူယီက ဆိုဗီယက် ပြည်ထောင်စုရဲ့ အကျဉ်းသားဘဝ ရောက်နေတုန်း သူ့ရဲ့ ရုရှား စကားပြန်ဆီ အဲဒီ နာရီကို လက်ဆောင် ပေးခဲ့ပါတယ်။

လေလံပွဲ မတိုင်ခင်တုန်းက နာရီရဲ့ တန်ဖိုးကို ဒေါ်လာ ၃ သန်းလောက်ထိ ရမယ်လို့ ခန့်မှန်းခဲ့ပေမယ့် စျေးအပြိုင်ပေးကြရာမှာ အဲဒီပမာဏကို ခဏလေးနဲ့ ကျော်တက်သွားခဲ့ပါတယ်။ ၂၀၁၇ တုန်းက ဗီယက်နမ်ရဲ့ နောက်ဆုံးဧကရာဇ် ပေါင်ဒိုင်း ဝတ်ဆင်ခဲ့ဖူးတဲ့ Rolex လက်ပတ်နာရီ တလုံးကိုလည်း လေလံတင် ရောင်းချရာမှာ ဒေါ်လာ ၅ သန်း ရခဲ့ဖူးပြီး ပူယီရဲ့ နာရီက စံချိန် ထပ်ချိုးခဲ့တာပါ။

ပူယီကို ၁၉၀၆ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂ နှစ်သား အရွယ်မှာတင် ရင်ခွင်ပိုက် ဘုရင်သဘောမျိုး နန်းတင်ခံခဲ့ရပါတယ်။ ၁၉၄၅ ခုနှစ်မှာ ဂျပန်က ဒုတိယ ကမ္ဘာစစ် ရှုံးနိမ့်သွားတဲ့နောက် တရုတ်ရဲ့ ရှန်ယန်း လေဆိပ်မှာ သူဟာ ဆိုဗီယက် ပြည်ထောင်စု တပ်နီတော်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက် စစ်သုံ့ပန်း အနေနဲ့ ရုရှားမှာရှိတဲ့ ခါဘာရော့ဗ်စ်ခ် အကျဉ်းစခန်း တခုမှာ ၅ နှစ်ကြာ ထိန်းသိမ်း ခံခဲ့ရပါတယ်။

သူ့ဘဝ ဇာတ်ကြောင်း အခြေခံ ရိုက်ကူးထားတဲ့ The Last Emperor ရုပ်ရှင်ကို ၁၉၈၇ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး မှီငြမ်း ဇာတ်ညွှန်းဆုတွေ အပါအဝင် ဆန်ခါတင် သတ်မှတ်ခံရသမျှ အော်စကာ ၉ ဆုလုံးကို သိမ်းကြုံး ရရှိခဲ့ဖူးပါတယ်။  

 

Ref: CNA