နယ်စပ်ကျူးကျော်သူတွေဆီက အမေရိကန်လုပ်စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရုရှားထုတ်ပြန်

မေ၊ ၂၄

နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ကျူးကျော် တိုက်ခိုက်မှုမှာ အမေရိကန် စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရုရှားက ပြောကြားခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းက ရုရှားနဲ့ ယူကရိန်းတို့ ထိစပ်ရာ နယ်စပ်နားက ရုရှားပိုင် ဘယ်လ်ဂိုရော့ဒ် ဒေသမှာ လက်နက်ကိုင် တပ်ဖွဲ့တချို့ ကျူးကျော် တိုက်ခိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ ဒီဖြစ်စဉ်မျိုးဟာ ရှားပါးပြီး ကျူးကျော်သူတွေကို အောင်အောင်မြင်မြင် တွန်းလှန်နိုင်ခဲ့တယ်လို့လည်း ရုရှားက ဆိုပါတယ်။

အစောပိုင်းမှာ ရုရှားက ဒီတိုက်ခိုက်မှုကို ယူကရိန်းက ကျူးလွန်တယ် ဆိုတာမျိုး စွပ်စွဲခဲ့ပေမယ့် ယူကရိန်း အစိုးရက အတိအလင်း ငြင်းဆိုခဲ့သလို ရုရှား အတိုက်အခံ လက်နက်ကိုင် အဖွဲ့တခုကလည်း ဘ်လ်ဂိုရော့ဒ်မှာ စစ်ဆင်ရေး ဆင်နွှဲခဲ့တာ သူတို့ရဲ့ လက်ချက်လို့ အတည်ပြုခဲ့ပါတယ်။

အခုအခါမှာတော့ ရုရှားစစ်တပ်က ဘယ်လ်ဂိုရော့ဒ်မှာ ကျူးကျော်သူတွေ စွန့်ပစ်ထားခဲ့တဲ့ စစ်လက်နက် ပစ္စည်းတွေရဲ့ မှတ်တမ်းဓာတ်ပုံ ဆိုတာတွေကို ထုတ်ပြန်ခဲ့ရာမှာ အမေရိကန်လုပ် စစ်သုံး Humvee ယာဉ် အပျက်အစီးတွေကိုပါ တွေ့လာရပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ရုရှားပိုင်နက်ထဲ ကျူးကျော် တိုက်ခိုက်တဲ့ ကိစ္စဟာ သူတို့နဲ့ ဘာမှ ပတ်သက် ဆက်နွှယ်မှု မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေအရ အမေရိကန်ရဲ့ စစ်လက်နက်တွေ ပါဝင်နေတယ် ဆိုတာကို လက်ခံကြောင်း၊ ဒါပေမဲ့ အမေရိကန် ဒီတိုက်ခိုက်မှုအတွက် ထောက်ပံ့ခဲ့ခြင်း မရှိသလို ဓာတ်ပုံတွေရဲ့ ရင်းမြစ်ကိုလည်း ရေရေရာရာ အတည်မပြုနိုင်ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တဦးက ပြောကြားသွားပါတယ်။

မေလ ၂၂ ရက်က တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ဘယ်လ်ဂိုရော့ဒ် အစွန်အဖျား ဒေသတွေမှာရှိတဲ့ ကျေးရွာတွေဟာ လက်နက်ကြီးဒဏ်က လွတ်အောင် အရေးပေါ် ရွှေ့ပြောင်းခဲ့ကြရပါတယ်။ ရုရှားက ကျူးကျော်သူ ၇၀ လောက်ကို သုတ်သင်နိုင်ခဲ့ပြီး အဲဒီထဲမှာ ယူကရိန်း နိုင်ငံသားတွေ ပါဝင်တယ်လို့ အခိုင်အမာ ပြောပါတယ်။

ဒါပေမဲ့ ယူကရိန်းကတော့ ရုရှားပိုင်နက်ထဲထိ ထိုးစစ်ဆင် တိုက်ခိုက်တာမျိုး လုံးဝ မလုပ်ကြောင်း ငြင်းဆိုပြီး ရုရှား တော်လှန်ရေး ပြည်သူ့စစ် အဖွဲ့နှစ်ခုရဲ့ လက်ချက်သာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

 

Ref: EPA