လွယ်ဂျယ်ရှိ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်သားတွေ တရုတ်ဖက်ထွက်ပြေး

ဧပြီ၊ ၉
 
ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ တရုတ်နယ်စပ် လွယ်ဂျယ်မြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တရုတ်နိုင်ငံအတွင်းထွက်ပြေးသွားလို့ဒေသတခုလုံးကို KIA က အပြည့်အဝ သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
 
လွယ်ဂျယ်မြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ ခ.လ.ရ (၁၄၂) က စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်လောက်ဟာ မနေ့ကဧပြီလ ၈ ရက်ညပိုင်းမှာ တရုတ်နိုင်ငံဖက် ထွက်ပြေးသွားတာလို့ KIA သတင်းရင်းမြစ်တဦးက ပြောပါတယ်။
 
“စခန်းရှင်းတော့လက်နက်ခဲယမ်းတွေသိမ်းမိတယ်ပိုက်ဆံတွေရောလို့ကြားတယ်” လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။
 
KIA ပူးပေါင်းတပ်တွေက တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်ရှိတဲ့ လွယ်ဂျယ်မြို့ကိုမတ်လ၂၈ရက်မှာဝိုင်းပိတ်ဆို့ခဲ့ပါတယ်။လွယ်ဂျယ်မြို့က တရုတ်နိုင်ငံ ကျန်ယောင်းမြို့ လာရင်းရွာနဲ့ကပ်ရပ်တည်ရှိပါတယ်။ ဒါ့အပြင် ကချင်လွပ်လပ်ရေးအဖွဲ့(KIO/KIA)ရဲ့ စီးပွားရေး၊ ပညာရေးမြို့လို့ဆိုကြတဲ့ မိုင်ဂျာယန်မြို့နဲ့လည်း ၅ မိုင်လောက်သာ ကွာဝေးတာပါ။
 
လွယ်ဂျယ်ကိုဝိုင်းပိတ်ဆို့ထားပေမယ့် မြို့ကို တိုက်ခိုက်သိမ်းပိုက်ဖို့ကိုတော့ တရုတ်အစိုးရရဲ့ဖိအားကြောင့် KIOဖက်ကဆိုင်းငံခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တဦးကပြောပါတယ်။
 
လွယ်ဂျယ်အနီးတိုက်ပွဲတွေမှာ တရုတ်နိုင်ငံထဲ လက်နက်ကြီးကျရောက်ခဲ့တာတွေရှိလို့ တရုတ်ဖက်က စိုးရိမ်စိတ်တွေရှိနေတာလည်း ဖြစ်ပါတယ်။
 
လွယ်ဂျယ်ကိုဝိုင်းပိတ်ဆို့ခံနေရချိန်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေနဲ့မိသားစုဝင်ရာဂဏန်းကတရုတ်နိုင်ငံဖက်ကတဆင့်တိမ်းရှောင်ဖို့ကြိုးပမ်းခဲ့ပေမယ့် တရုတ်ကခွင့်မပြုခဲ.တာလည်းဖြစ်ပါတယ်။
 
အဲဒီနောက် KIAပူးပေါင်းတပ်တွေက မြို့နေရာအများစုမှာနေရာယူထားပြီးစစ်ကောင်စီတပ်သားတွေကတော့ ခလရ၁၄၂ဝင်းအတွင်းမှာသာပုန်းခိုနေကြတာပါ။ဆယ်ရက်လောက်အကြာမှာတော့ တရုတ်နိုင်ငံအတွင်း ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။
 
“ပင်မဂိတ်ပေါက်ကတော့မဟုတ်ဘူး။ကြားအပေါက်တွေကနေထွက်ပြေးသွားကြတာ” လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
 
လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးအားလုံးနဲ့ ဆေးရုံကို တော့ပြီးခဲ့တဲ့ဧပြီ ၄ ရက်နေ့မှာ KIAပူးပေါင်းတပ်က ချိတ်ပိတ်သိမ်းပိုက်ထားခဲ့တာပါ။
 
ဓာတ်ပုံ – Google